Saturday, January 16, 2010
ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖစစ်အစိုးရ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ယနေ့တွေ့ဆုံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖစစ်အစိုးရ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ယနေ့တွေ့ဆုံသည်ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ စစ်အစိုးရ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်က ယနေ့နေ့လယ် (၁) နာရီတွင် သွားရောက်တွေ့ဆုံခဲ့ပြီး (၂၅) မိနစ်ခန့်အကြာတွင် ပြန်လည်ထွက်ခွာသွားသည်ဟု အန်အယ်လ်ဒီ ပြန်ကြားရေးတာဝန်ခံ ဦးခင်မောင်ဆွေက ပြောသည်။
၎င်းက “ဟုတ်ကဲ့၊ တွေ့တယ်လို့တော့ ကြားပါတယ်။ ကျနော်တို့ တရားဝင်တော့ မသိရပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ နေ့လယ် (၁) နာရီမှာ တွေ့ပြီးတော့ (၁) နာရီ (၂၅) မိနစ်လောက်မှာ ၀န်ကြီးက ပြန်ထွက်သွားတယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တွေ့တယ်လို့ ပြောရပါမယ်” ဟု ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ အလုပ်သမားဝန်ကြီးဌာန ၀န်ကြီးလည်းဖြစ်၊ ဆက်ဆံရေးဝန်ကြီးလည်းဖြစ်သည့် ဦးအောင်ကြည်တို့သည် ယခုနှစ်အတွင်း ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ (၉) ရက်၌လည်း အစိုးရဧည့်ဂေဟာတွင် (၄၅) မိနစ်ကြာ တွေ့ဆုံခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ စစ်အစိုးရ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်က ယနေ့နေ့လယ် (၁) နာရီတွင် သွားရောက်တွေ့ဆုံခဲ့ပြီး (၂၅) မိနစ်ခန့်အကြာတွင် ပြန်လည်ထွက်ခွာသွားသည်ဟု အန်အယ်လ်ဒီ ပြန်ကြားရေးတာဝန်ခံ ဦးခင်မောင်ဆွေက ပြောသည်။
၎င်းက “ဟုတ်ကဲ့၊ တွေ့တယ်လို့တော့ ကြားပါတယ်။ ကျနော်တို့ တရားဝင်တော့ မသိရပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ နေ့လယ် (၁) နာရီမှာ တွေ့ပြီးတော့ (၁) နာရီ (၂၅) မိနစ်လောက်မှာ ၀န်ကြီးက ပြန်ထွက်သွားတယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တွေ့တယ်လို့ ပြောရပါမယ်” ဟု ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ အလုပ်သမားဝန်ကြီးဌာန ၀န်ကြီးလည်းဖြစ်၊ ဆက်ဆံရေးဝန်ကြီးလည်းဖြစ်သည့် ဦးအောင်ကြည်တို့သည် ယခုနှစ်အတွင်း ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ (၉) ရက်၌လည်း အစိုးရဧည့်ဂေဟာတွင် (၄၅) မိနစ်ကြာ တွေ့ဆုံခဲ့ကြသည်။
Thursday, January 14, 2010
ပါတီတခုလုံးကို ထောင်ကျတဲ့ အနေအထားမျိုး ရောက်လာမယ်ဆိုရင်

နအဖစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ယခုနှစ်တွင် ရွေးကောက်ပွဲ ပြုလုပ်မည်ဟု လွတ်လပ်ရေးနေ့ သ၀ဏ်လွှာတွင် အတည်ပြုပြောကြားခဲ့သည်။ ထို့ကြောင့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ အန်အယ်လ်ဒီပါတီအနေဖြင့် ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ မည်ကဲ့သို့ စဉ်းစားဆုံးဖြတ်မည်ဆိုသည်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တဦး ဖြစ်သူ ဦးဝင်းတင်နှင့် ခေတ်ပြိုင် ဆက်သွယ်မေးမြန်းချက်။
မေး။ ။ အန်အယ်လ်ဒီအနေနဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းပါ အဓိကတောင်းဆိုချက်တွေ မရရင် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဘယ်လိုစဉ်းစားမယ်ဆိုတာ သိပါရစေ။
ဖြေ။ ။ ဒါကတော့ ဖြစ်မလာခင်အခြေအနေပေါ်မှာ ကျနော်တို့ ဘယ်လို လုပ်မယ်ကိုင်မယ်ဆိုတာ ပြောရဆိုရ နည်းနည်းတော့ ခက်ပါတယ်။ ကျနော်တို့က အဖွဲ့အစည်းဖြစ်တော့ အဖွဲ့အစည်းထဲမှာရှိတဲ့ ခေါင်းဆောင်ပိုင်းပုဂ္ဂိုလ်များ ညှိရုံနဲ့တင်မကဘူး အောက်ခြေပိုင်း အနေအထားတွေပါ ရှိလာတယ်။ ဘာလို့လဲဆိုတော့ ဒါက အသစ်ဖြစ်မယ့်သဘောကိုး။ သာမန်အားဖြင့်ဆိုရင် ကျနော်တို့ ရပ်တည်နေတဲ့ အနေအထားက တရားဝင်နိုင်ငံရေးအဖွဲ့အစည်းတရပ်အနေနဲ့၊ တရားဝင် တောင်းဆိုချက်တွေနဲ့ ရပ်တည်နေတာကိုး။ အဲဒါတွေ မဖြစ်တော့ဘူးဆိုရင် အခြေအနေသစ်တခု ဖြစ်သွားမယ်၊ အဲဒီအခြေအနေသစ်ကို ကျနော်တို့ ကျော်ဖြတ်ရမယ့် အနေအထားသစ်တွေကလည်း ပေါ်လာတော့မယ်ပေါ့။ အခုဟာက အခြေအနေသစ်ကလည်း မပေါ်သေးတဲ့ အခါကျတော့ ကျနော်တို့ကျော်ဖြတ်ရမယ့် ပုံသဏ္ဌာန်ဆိုတာ သာမန်အားဖြင့်တော့ ပြောရခက်ပါတယ်။ ဒါမျိုးဆိုတာ ညှိနှိုင်းပြီးမှ ပေါ်ထွက်လာမယ့် ကိစ္စဖြစ်တာကိုး။
မေး။ ။ ဆရာပြောတဲ့ ပေါ်ပေါက်လာမယ့်အခြေအနေသစ်ဆိုတာ ဘာကိုဆိုလိုတာပါလဲ။
ဖြေ။ ။ ပေါ်ပေါက်လာမယ့်အခြေအနေကို ကျနော်တို့ မှန်းကြည့်တဲ့အခါကြတော့ သာမန်အားဖြင့် အခု ကမ္ဘာကလည်း ပြောနေတယ်၊ အမေရိကန်အစိုးရတို့၊ ဂျပန်အစိုးရတို့၊ ကုလသမဂ္ဂတို့၊ အီးယူတို့ဆိုတာတွေက ပြောနေတဲ့အနေအထားက ဘာလဲဆိုတော့ ကျနော်တို့ရွေးကောက်ပွဲဟာ အန်အယ်လ်ဒီတို့ တိုင်းရင်းသားအဖွဲ့အစည်းတို့ဆိုတဲ့ ဗမာပြည်နိုင်ငံရေးမှာ အထင်ကရဖြစ်တဲ့ သို့မဟုတ်လည်း အင်အားကြီးမားတဲ့ ပါတီအဖွဲ့အစည်းတွေ မပါဘဲနဲ့ ရွေးကောက်ပွဲကို ကျင်းပပေးမယ်ဆိုရင် အားလုံးပါဝင်ပတ်သက်မှုအခြေအနေ (all inclusive) ဟာ ဘယ်လိုမှ ဖြစ်ထွန်းလာမယ့် အနေအထားမရှိဘူး။ ဘယ်လိုမှလည်း ပေါ်ပေါက်လာနိုင်မယ့် အနေအထားမရှိဘူးဆိုရင် ဒီရွေးကောက်ပွဲဟာ ကျနော်တို့ရဲ့ဆန္ဒသဘောထား၊ တကမ္ဘာလုံးရဲ့ ဆန္ဒသဘောထား၊ ဒါတင်မက စစ်အစိုးရကိုယ်တိုင်က လက်ခံပါတယ်ဆိုတဲ့ သဘောထားနဲ့လည်း အကုန်လုံးဆန့်ကျင် သွားတော့မယ်။ ပျက်ပြားသွားတော့မယ်။ နောက်တခုက ဘာလဲဆိုတော့ ဒီရွေးကောက်ပွဲ ကျင်းပတဲ့အခါမှာလည်း အခုလုပ်နေတဲ့ပုံသဏ္ဌာန်အရ ပါတီမှတ်ပုံတင်ဥပဒေတို့၊ ရွေးကောက်ပွဲဥပဒေတို့ဆိုတာ ဘာမှကို ထွက်လာခြင်းမရှိတာ အပါအ၀င် နောက်ပိုင်း ရွေးကောက်ပွဲကျင်းပတဲ့အခါမှာလည်း ပြည်သူများ ပါဝင်ပတ်သက်မှု၊ မဲပေးမှု၊ မဲလိမ်မဲခိုးမှုတွေ စတဲ့ကိစ္စတွေ ပေါ်လာလို့ရှိရင် ကမ္ဘာက တောင်းဆိုနေတဲ့ မြင်သာထင်သာရှိခြင်း၊ အများယုံကြည် စိတ်ချရခြင်း ဆိုတဲ့ အနေအထားမျိုးကလည်း ဘယ်လိုမှ ပေါ်လာမှာမဟုတ်ဘူး။ အဲဒါကြောင့် ဒီအနေအထားနှစ်ခု မရှိဘူးဆိုရင် ဒီရွေးကောက်ပွဲကို ကမ္ဘာကလည်း ဆန့်ကျင်ရှုတ်ချ ပြစ်တင်လာမယ်၊ ကမ္ဘာက အသိအမှတ်မပြုခြင်းအပါအ၀င် အများကြီးတုံ့ပြန်မှုတွေ ပေါ်လာမယ်။
အဲလိုအခြေအနေမျိုးမှာ အားလုံးပါဝင်မှုကို ပစ်ပယ်ထားတဲ့အတွက် ကျနော်တို့ကလည်း ဘေးရောက်နေမယ်။ နောက်တခါ ယုံကြည်စိတ်ချရမှု အနေအထားကလည်း လုံးဝမရှိဘူးဆိုတဲ့အခါကျတော့ ကျနော်တို့အနေနဲ့ကလည်း ရွေးကောက်ပွဲမှာ အနည်းဆုံး ကိုယ်တိုင်မပါဝင်တောင်မှ ဒီမိုကရေစီအင်အားစုတွေကို ပါဝင်နိုင်အောင်၊ ပါဝင်နေတဲ့ ဒီမိုကရေစီအင်အားစုလို့ ယူဆရတဲ့ အဖွဲ့အစည်းတွေကိုတောင်မှ ကျနော်တို့ ၀ိုင်းဝန်းပံ့ပိုးနိုင်တဲ့အနေအထားမျိုး မရှိဘူးဆိုရင် အန်အယ်လ်ဒီရဲ့ အနေအထားက လုံးဝကို ပါတီတခုလုံး ထောင်သွင်းအကျဉ်းခံရတဲ့ အနေအထားမျိုးကို ရောက်သွားမယ့် အခြေအနေမျိုးကို ဆိုက်ရောက်သွားမယ်လို့ ကျနော်တို့ ပြောလို့ရတယ်ပေါ့ဗျာ။
အဲလိုအခါမျိုးဆိုရင်တော့ အန်အယ်လ်ဒီဟာ တနည်းတဖုံအားဖြင့်တော့ လှုပ်ရှားမှုတွေ၊ စီမံဆောင်ရွက်မှုတွေ၊ ရုန်းကန်မှုတွေ၊ သဘောထားဖော်ထုတ်မှုတွေဟာ ဒီနေ့လိုကာလမျိုးနဲ့တော့ အများကြီးကွဲလွဲသွားမယ်လို့တော့ ကျနော်တို့ ပြောလို့ရပါတယ်။ ကျနော်တို့ရဲ့အနေအထားတွေဟာ ပိုပြီးတော့ တင်းမာတဲ့ အနေအထားမျိုး သို့မဟုတ်လည်း ပိုပြီးတော့ ပြတ်သားတဲ့ အနေအထားမျိုးကို ရောက်လာမယ်လို့ အဲလောက်တော့ ပြောလို့ရမယ်။ ဘာပဲပြောပြော အန်အယ်လ်ဒီဟာ တရားဝင်ပါတီတော့ ဖြစ်နေမယ်လို့ မှန်းဆတယ်။ တရားဝင်ပါတီတခုဟာ ပါတီတခုလုံးကို ထောင်ကျတဲ့ အနေအထားမျိုး ရောက်လာမယ်ဆိုရင် ကျနော်တို့ရဲ့တုံ့ပြန်မှုတွေဟာ ပိုပြီးတော့ ပြင်းထန်တင်းမာလာမယ်လို့ ကျနော်တို့ အဲလိုယူဆပါတယ်။
မေး။ ။ ဒါဆို အခုပြုလုပ်မယ့် ရွေးကောက်ပွဲဟာ နိုင်ငံရေးပြဿနာတွေကို ပြေလည်စေမယ့် ရွေးကောက်ပွဲမဟုတ်ဘူးလို့ ဆရာ ဆိုလိုချင်တာပါလား။
ဖြေ။ ။ ဟုတ်ပါတယ်။ မယူဆတဲ့အကြောင်းကလည်း ခုဏပြောသလိုပေါ့။ အဓိကအချက်ကတော့ ဒီရွေးကောက်ပွဲဟာ ၂၀၀၈ အခြေခံဥပဒေအရ ကျင်းပမယ့်ရွေးကောက်ပွဲ။ တခါ အဲဒီရွေးကောက်ပွဲက ပေါ်ပေါက်လာမယ့် ရလဒ်တွေဖြစ်တဲ့ လွှတ်တော်တို့၊ အစိုးရအဖွဲ့တို့ဆိုတာလည်း ၂၀၀၈ အခြေခံဥပဒေကို အကောင်အထည်ဖော်မယ့် ယန္တရားတွေဖြစ်တယ်လို့ ကျနော်တို့က သတ်မှတ်တယ်။
ဒီအခြေခံဥပဒေဟာ လက်ရှိရှိနေတဲ့ စစ်အစိုးရရဲ့ အာဏာရှင်ပုံစံနဲ့ အုပ်စိုးခြင်းပေါ့ဗျာ။ ပြည်သူကို ဖိနှိပ်ခြင်းတို့ ချုပ်ချယ်ခြင်းတို့ နိုင်ထက်စီးနင်းပြုခြင်းတို့၊ နောက် တိုင်းပြည်မှာ ဆင်းရဲမွဲတေ ငတ်ပြတ်မှုတွေကို လျစ်လျူရှုပြီးတော့ သူတို့ရဲ့စစ်အာဏာ တည်မြဲရေးကိုသာ လုပ်နေတဲ့လုပ်ငန်းများကိုသာ သက်ဆိုးရှည်စေမယ့် အခြေခံဥပဒေဖြစ်တယ်။ ဒီအခြေခံဥပဒေကိုတော့ ကျနော်တို့က လက်မခံနိုင်ဘူး။ ဒါကြောင့် ဒီအခြေခံဥပဒေနဲ့ကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း ဒီအခြေခံဥပဒေကိုသာ မပြင်ဘူး ဆိုရင်တော့ လက်မခံနိုင်ဘူးလို့ ပြောနေခြင်းဖြစ်ပါတယ်။
မေး။ ။ ဒီ ၂၀၀၈ ခုနှစ် ဖွဲစည်းပုံအခြေခံဥပဒေကို ပြင်နိုင်မယ့် အလားအလာရော ဆရာမြင်ပါသလား။
ဖြေ။ ။ ဒီလိုရှိပါတယ်။ ပြင်တယ်ဆိုတာမျိုးက နှစ်မျိုးရှိတယ်။ စစ်အစိုးရကနေပြီးတော့ ဒါဟာ အများပြည်သူကလည်း လက်မခံဘူး၊ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေကလည်း လက်မခံဘူး၊ ကမ္ဘာကလည်း လက်မခံတဲ့သဘောတွေ ပြလာပြီဆိုရင် သူတို့က လိုအပ်တဲ့အနေအထားမျိုးကို ပြင်မယ်ဆိုလို့ရှိရင် သူတို့ပြင်နိုင်တာပေါ့။ သူတို့က စစ်အာဏာပိုင် အဖွဲ့အစည်းပဲ၊ နောက်ပြည်သူများက ဆန္ဒပေးထားတယ်ဆိုတာကလည်း ရှင်းရှင်းပြောရရင် သူတို့ရဲ့ဖန်တီးလုပ်ဆောင်ချက်တွေ ဖြစ်တဲ့အခါကျတော့ သူတို့ပြင်မယ်ဆိုလည်း ပြင်လို့ရတာပေါ့။ သို့သော် အကောင်းဆုံးပုံသဏ္ဌာန်ကတော့ အဲဒီအခြေခံဥပဒေကို လိုအပ်သလို ပိုပြီးတော့ ကောင်းမွန်အောင် အများပြည်သူဆန္ဒနဲ့လည်း ကိုက်ညီအောင်၊ သို့မဟုတ်လည်း အခြေအနေနဲ့ ကိုက်ညီအောင်ပေါ့ဗျာ။ သူတို့အဆိုအရတော့ အများပြည်သူက (၉၂) ရာခိုင်နှုန်း ဆန္ဒမဲပေးထားတယ်ဆိုတော့ အများပြည်သူဆန္ဒနဲ့ ကိုက်ညီပြီးသားဖြစ်တယ်လို့ သူတို့ကတော့ ပြောတော့မှာပေါ့ဗျာ။ ဒါပေမယ့် အဲဒီလို အများပြည်သူဆန္ဒနဲ့ ကိုက်ညီတယ်ဆိုသော်လည်း အဲဒါက ၂၀၀၈ ခုနှစ် သို့မဟုတ် ၂၀၀၈ အကြိုကာလတွေက ကိုက်ညီခြင်းဖြစ်သော်လည်း လက်ရှိ ပြောင်းလဲလာတဲ့ အခြေအနေတွေအရ သိပ်မကောင်းဘူးဆိုရင် သူတို့ပြင်ဖို့လမ်းက ဘာလဲဆိုတော့ တွေ့ဆုံဆွေးနွေးပွဲ စားပွဲပေါ်မှာ နှစ်ဘက်စလုံးကနေ အဆုံးအဖြတ်ပေးနိုင်သော ပုဂ္ဂိုလ်များ သို့မဟုတ် ဒိုင်ယာလော့စားပွဲပေါ်မှာ ဒီကိစ္စကို ကျနော်တို့ စဉ်းစားလို့ရပါတယ်။ တိုင်းပြည်ရဲ့အဆုံးအဖြတ်ပေးနိုင်တဲ့ ခေါင်းဆောင်ပုဂ္ဂိုလ်များကနေပြီးတော့ ဆုံးဖြတ်လိုက်ရင် အဲဒီအစည်းအဝေးလိုနေရာမျိုးကနေ စီးဆင်းလာတဲ့ နိုင်ငံရေးသဘောထားဟာ အကုန်လုံးကို ပြောင်းလဲလို့ရပါတယ်။ ဥပမာ ပင်လုံတွေ့ဆုံဆွေးနွေးပွဲကနေ စီးဆင်းလာတဲ့ အာဏာသဘောဟာ ပြည်ထောင်စုဖွဲ့စည်းရေးလိုဟာမျိုးကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် တိုင်းပြည်မှာ အဆုံးအဖြတ်ပေးနိုင်တဲ့ ထိပ်သီးပုဂ္ဂိုလ်များ ဆွေးနွေးကြမယ်ဆိုရင် အဲဒီက စီးဆင်းလာတဲ့အာဏာ၊ သဘောထားဟာ အကုန်လုံးကို ပြုပြင်ပြောင်းလဲလို့ ရပါတယ်လို့ ကျနော်တို့ယူဆတယ်။
မေး။ ။ ဘယ်လို ပြုပြင်ပြောင်းလဲလို့ ရမှာလဲဆိုတာ သိပါရစေ။
ဖြေ။ ။ အခုရွေးကောက်ပွဲက ဒီအခြေခံဥပဒေအတိုင်းသွားမှာဖြစ်တဲ့အတွက် နိုင်ငံရေးအဖြေမဟုတ်ဘူး၊ နိုင်ငံရေးပြဿနာ တွေကို ရှင်းလည်းရှင်းနိုင်မှာမဟုတ်ဘူး။ နိုင်ငံရေးပြဿနာတွေကို ဒီနေ့ရွေးကောက်ပွဲအကြိုကာလမှာ ရှင်းချင်လို့ပဲဖြစ်ဖြစ်၊ ရွေးကောက်ပွဲ ကာလမှာ ရှင်းချင်လို့ပဲဖြစ်ဖြစ်၊ ရွေးကောက်ပွဲအလွန်ကာလမှာ ရှင်းချင်လို့ပဲဖြစ်ဖြစ် အဲလိုသဘောထားမျိုး ကျနော်တို့မှာ ရှိတယ်ဆိုရင် အမျိုးသားပြန်လည်သင့်မြတ်ရေးဆွေးနွေးပွဲကနေပြီး ၂၀၀၈ အခြေခံဥပဒေထဲကနေပြီး ပြင်ဖို့လိုအပ်တဲ့အချက် များကို ပြုပြင်ပြောင်းလဲနိုင်မယ်ဆိုရင် အဲဒီက ပေါ်ထွက်လာမယ့်ဆုံးဖြတ်ချက် သဘောထား အာဏာများဟာ ဒီအခြေခံဥပဒေကို ပြင်နိုင်ပါတယ်။ ဒီအခြေခံဥပဒေကိုသာ ပြင်လိုက်ရင် ပြဿနာပေါင်းစုံ ရှင်းသွားမှာ ဖြစ်ပါတယ်။ ပြဿနာပေါင်းစုံဆိုတာ တိုင်းရင်းသားတွေမှာရှိတဲ့ သဘောထားတွေကို ပြောင်းလဲသွားစေနိုင်မယ်၊ တိုင်းရင်းသားတွေနဲ့ စစ်အစိုးရဆက်ဆံရေးဟာလည်း ပြောင်းလဲသွားနိုင်တယ်။ အလားတူပဲ အန်အယ်လ်ဒီလို ဒီမိုကရေစီ အင်အားစုတွေနဲ့ အစိုးရဆက်ဆံရေးဖြစ်တဲ့ ရွေးကောက်ပွဲမှာ ပါဝင်ရေးဆိုတဲ့ အချက်တွေကိုလည်း ကျနော်တို့ ပြောင်းလဲသွားစေနိုင်မယ်။ အလားတူပဲ ကမ္ဘာနဲ့ဆက်ဆံရေးပါ ပြောင်းလဲသွားမယ်လို့ ကျနော်က ယူဆတယ်။ ဒါကြောင့် ကျနော်က ဒီနေ့ကာလဟာ ရွေးကောက်ပွဲဟာ အဖြေမဟုတ်ပါဘူး၊ အဖြေဟာ တွေ့ဆုံဆွေးနွေးပွဲသာ ဖြစ်ပါတယ်လို့ ပြောနေတာပါ။ ကျနော်တို့အဖို့ကတော့ သို့မဟုတ်လည်း ကျနော်တို့နဲ့အတူ လက်တွဲပြီးဆောင်ရွက်နေတဲ့ တိုင်းရင်းသား အဖွဲ့အစည်းများအဖို့၊ ကျနော်တို့ကို ထောက်ခံအားပေးနေတဲ့ ကမ္ဘာနဲ့တကွ ကုလသမဂ္ဂတို့အဖို့ကတော့ ဒီတွေ့ဆုံဆွေးနွေးပွဲ ဖြစ်လိုက်ရင် အကောင်းဆုံးအခြေအနေများ ပေါ်ထွန်းလာဖို့အတွက် အလားအလာတွေ အများကြီးရှိတယ်လို့ ကျနော်က အဲလိုပဲ ယူဆတယ်။
မေး။ ။ အမျိုးသားစည်းလုံးညီညွတ်ရေး ကိစ္စရော ပြေလည်နိုင်ပါ့မလားဆရာ။
ဖြေ။ ။ ပြေလည်နိုင်တာပေါ့ခင်ဗျာ။ ဘာလို့လဲဆိုတော့ ဒီတွေ့ဆုံဆွေးနွေးပွဲဟာ နိုင်ငံရေးအားဖြင့် အဓိကကျတယ်လို့ တဖက်က ပြောနေပေမယ့်လို့ တိုင်းပြည်ကြီးတခုလုံး သို့မဟုတ် ပြည်ထောင်စုကြီးတခုလုံးရဲ့ အနာဂတ်အနေနဲ့ဆိုရင်လည်း အမျိုးသားပြည်လည်သင့်မြတ်ရေးလို့ ကျနော်တို့ပြောနေတာကနေတဆင့် အမျိုးသားညီညွတ်ရေးဆိုတာ ပေါ်ထွက်လာနိုင်တဲ့ အနေအထားရှိပါတယ်။ ဒီတွေ့ဆုံဆွေးနွေးပွဲကသာလျှင် ချက်ချင်းလက်ငင်း အဖြေမပေါ်ထွက်လာသော်ငြားလည်း အခြေခံသဘောထားတွေ ပေါ်လို့ရှိရင် ကျနော်တို့ဆက်လက် ညှိနှိုင်းသွားဖို့ပဲ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ တွေ့လိုက်ရင် အဲဒီကနေချမှတ်တဲ့ သဘောထားတွေအပေါ် ဆက်လက်ပြီး အဆင့်ဆင့်သော ဆွေးနွေးပွဲများ ကျင်းပသွားခြင်းအားဖြင့် ရွေးကောက်ပွဲအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စကနေ အမျိုးသားညီညွတ်ရေးကိစ္စအထိ အကျိုးဆက်များ ဆက်တိုက်ပေါ်သွားနိုင်ပါတယ်။ ဒီဆွေးနွေးပွဲကနေ အစွန်းတဖက်မှာ အခြေခံဥပဒေပြင်ဆင်ရေး ကိစ္စတွေရှိသလို နောက်အစွန်းတဖက်မှာလည်း အမျိုးသားညီညွတ်ရေးအထိ ရည်မှန်းချက်တွေ ရှိတဲ့အတွက် ဒီလိုကျင်းပခြင်းဟာ ဒီနေ့ကာလတိုင်းပြည်ရဲ့ ထွက်ပေါက် အဖြေပဲဖြစ်ပါတယ်။
မေး။ ။ တကယ်လို့ အန်အယ်လ်ဒီဟာ ၂၀၁၀ ရွေးကောက်ပွဲဝင်လိုက်မယ်ဆိုရင် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ဟာ အတိတ်မှာကျန်ခဲ့မယ်လို့ ပြောဆိုသံတွေ ထွက်ပေါ်နေပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဆရာဘယ်လို ပြောချင်ပါသလဲ။
ဖြေ။ ။ ရွေးကောက်ပွဲလိုဟာမျိုးကို ကျနော်တို့က ခေါင်းလျှိုပြီးတော့ဝင်သွားရင် ၁၉၉၀ ရွေးကောက်ပွဲဟာ အတိတ်မှာ ကျန်ခဲ့တယ် ဆိုတဲ့ဟာမျိုးထက် အဖြစ်မှန်က ဘာလဲဆိုတော့ ကျနော်တို့ဟာ ပြည်သူလူထုကနေ အပ်နှင်းထားတဲ့ မန်းဒိတ်ကို အစိုးရကိုယ်တိုင် ကလည်း မဖျက်သေးဘူးဗျ။ ရွေးကောက်ပွဲကော်မရှင်ကနေ ဒါကို တရားမ၀င်တော့ဘူးလို့ ပြောဆိုခြင်းမရှိဘဲနဲ့ စစ်အစိုးရ လုပ်နေတဲ့ပုံသဏ္ဌာန်ဟာ ရွေးကောက်ပွဲတခုကို နောက်ရွေးကောက်ပွဲတခုနဲ့ ကျော်လွှားဖို့လုပ်နေတာ။ အဲဒါကို ကျနော်တို့ လက်မခံနိုင်ဘူး။ ကျနော်ကတော့ အတိတ်မှာကျန်ခဲ့တယ်လို့ မပြောချင်ဘူး။ ကျနော်တို့ဟာ ရွေးကောက်ပွဲအသစ်ကို ၀င်လိုက်တယ်ဆိုရင် ရွေးကောက်ပွဲ အဟောင်းတုန်းက အကောင်အထည်လည်း ရလဒ်တစုံတရာမပေါ်ခဲ့ဘူး၊ ပြည်သူလူထုက အပ်နှင်းတဲ့အာဏာကိုလည်း ကျနော်တို့က ဘာမှအကောင်အထည်ဖော်ပေးနိုင်ခြင်း မရှိဘူး၊ နောက်တခါ အဲဒီရွေးကောက်ပွဲရဲ့ ရလဒ်ကြီးတခုလုံးကိုလည်း တာဝန်ရှိတဲ့ စစ်အစိုးရကနေပြီးတော့ ဖျက်သိမ်းခြင်းတို့ ဘာတို့လည်း ကြေညာခြင်းမရှိဘဲနဲ့ ဒီတိုင်းချန်ခဲ့လို့မရဘူး။ အဲဒါနဲ့ပတ်သက်လို့ ကျနော်တို့ရဲ့သဘောထားက ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းနဲ့ အသိအမှတ်ပြုမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်က ပြောတဲ့စကားဗျ။ တနည်းနည်းနဲ့ဆိုတာ ကျနော်တို့ အနိမ့်ဆုံးပုံစံနဲ့လည်း ဖြစ်နိုင်ပါတယ်။ အမြင့်ဆုံးပုံသဏ္ဌာန်နဲ့လည်း ဖြစ်နိုင်ပါတယ်။
အမြင့်ဆုံးပုံသဏ္ဌာန်ဆိုတာက အာဏာလွှဲပြောင်းပေးဖို့ပေါ့။ အနိမ့်ဆုံး ပုံသဏ္ဌာန်ဆိုတာကလည်း တွေ့ဆုံဆွေးနွေးပွဲကနေ သဘောတူညီချက်ရရင် အဲဒါတွေကို အခြေခံပြီးတော့ လွှတ်တော်ခေါ်လိုက်။ တနေ့တည်းပဲခေါ်ခေါ် ဒီလွှတ်တော်ကနေ သဘောတူညီချက်များကို အတည်ပြုလိုက်ပြီဆိုတဲ့ဟာမျိုးနဲ့ ပြီးရင် ဒီလွှတ်တော်ကို ဖျက်သိမ်းပြီးတော့ နောက်ထပ်ရွေးကောက်ပွဲ အသစ် လုပ်မယ်ဆိုတာမျိုးပါ။ အဲလိုလုပ်လို့ရပါတယ်။ ဒါက ကျနော်ရဲ့ ကိုယ်ပိုင်အတွေးအခေါ်ပါ။ တနည်းနည်းနဲ့ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်စကားဟာ အနိမ့်ဆုံးလည်းလုပ်လို့ရပါတယ်။ အမြင့်ဆုံးလည်းလုပ်လို့ရပါတယ်။ ဒါပေမယ့်လို့ ဒီလိုတနည်းနည်းနဲ့ အသိအမှတ်ပြုခြင်းကတော့ လုပ်ဖို့ကောင်းတယ်။ အဲလိုလုပ်တာမဟုတ်ဘဲနဲ့ ရွေးကောက်ပွဲတခုကို နောက်ရွေးကောက်ပွဲတခုနဲ့ နင်းကြိတ်ချေသလိုလုပ်ရင်တော့ ဒါတွေဟာ သမိုင်းမှာလည်း မလှမပဖြစ်မယ်။ ရှေ့ဆက်ပြီး အငြင်းပွားစရာတွေကလည်း ရှိမယ်။ အကြောင်းကြောင်းကြောင့် ဒီရွေးကောက်ပွဲကိုပဲ ဆုပ်ကိုင်ပြီးထားပြီးတော့ နောက်ရွေးကောက်ပွဲကို ကျောခိုင်းတဲ့ပုံသဏ္ဌာန်မျိုးလုပ်ရင်လည်း ဗမာပြည်ရဲ့ နိုင်ငံရေးပြဿနာတွေဟာ ရှင်းစရာ ပြေလည်စရာ ဘာမှ ရှိမှာမဟုတ်ဘူးလို့ ကျနော်က ယူဆပါတယ်။
Tuesday, January 12, 2010
ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ ထပ်မံတွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ ထပ်မံတွေ့ဆုံ
Tuesday, 12 January 2010 19:33 ကိုထွေး .ဒေါ်အောင်ဆန်း စုကြည်နှင့် ရှေ့နေဖြစ်သူများ ယနေ့ ထပ်မံတွေ့ဆုံရာတွင် နေအိမ်ပြင်ဆင်ခွင့်နှင့် အယူခံအတွက် ပြစ်မှုဆိုင်ရာ ပြင်ဆင်ခွင့် လျှောက်လဲချက်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သွားရောက်တွေ့ဆုံသည့် ရှေ့နေ ဖြစ်သူ ဦးဉာဏ်ဝင်းက ဆိုသည်။
ရှေ့နေများ ဖြစ်သည့် ဦးကြည်ဝင်းနှင့် ဦးဉာဏ်ဝင်း တို့သည် ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်သို့ နေ့လယ် ၂ နာရီမှ ၄ နာရီ အထိ အချိန် ၂ နာရီကျော် အထိ သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ဦးဉာဏ်ဝင်းက “ ဒေါ်အောင်ဆန်း စုကြည် နေအိမ် ပြင်ဆင်ခွင့် ရပ်ဆိုင်း ထားခြင်း ခံရတာနဲ့ ပတ်သက်ပြီး ကျနော်တို့ မြို့တော် စည်ပင်မှာ စာတင် ထားတယ်၊ ကန်ကွက် ချက်ဟာ ဘာလဲ ကျနော် တို့ကို မိတ္တူပေးပါ၊ ဒါမှ ကျနော်တို့လည်း ပြန်လည် ဖြေရှင်းလို့ ရမယ်၊ အဲဒီ ကန့်ကွက်ချက်ကို ကျနော်တို့ အချိန်အတိုင်း အတာ တခုအထိ စောင့်ဆိုင်း နေပါတယ်၊ ရရှိဖို့လည်း ဆောင်ရွက်မှာပါ” ဟု ပြောသည်။
နေအိမ်ပြင်ဆင်နေမှုအား အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ဒီဇင်ဘာလ ၂၃ ရက်ကစတင် ကန့်ကွက်ထားမှုကြောင့် ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီက စုံစမ်းစစ်ဆေး နေချိန်တွင် အိမ်ပြင်ဆင်မှု လုပ်ငန်းများကို ရပ်ဆိုင်းထားပြီး ထွက်ပေါ် လာမည့် ရလဒ်ကို ဒေါ်အောင်ဆန်းစုကြည်က စောင့်ဆိုင်းနေခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်ပြင်ဆင်ခွင့်ရပ်ဆိုင်းခံထားရသော်လည်း ကန့်ကွက်စာကို ယခုအချိန်အထိ မရရှိသေးကြောင်း၊ ကန့်ကွက်ချက်ကို မရရှိပါက ယင်းအခြေအနေအပေါ်မှာပင် ဆောင်ရွက်သင့်သည်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဇန်န၀ါရီ ၁၈ ရက်နေ့တွင် လျှောက်လဲချက်ပေးရမည့် ဒေါ်အောင်ဆန်းစုကြည် ဒေါ်ခင်ခင်ဝင်းနှင့် ဒေါ်ဝင်းမမတို့ အယူခံမှု ၃မှု အတွက် ဥပဒေ အချက်အလက်များကို ညှိနှိုင်းခဲ့ကြောင်း ဦးဉာဏ်ဝင်းက ဆက်ပြောသည်။
ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် အယူခံအတွက် တင်သွင်းခဲ့သော ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လျှောက်လဲချက်ကို ဗဟို တရားရုံးချုပ်က လက်ခံခဲ့သည်။
ရှေ့နေများက တရားရုံးချုပ်တွင် ဒီဇင်ဘာ ၄ ရက်နေ့က လျှောက်လဲချက်ပေးခဲ့ကြပြီး ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် နောက်ဆုံး လျှောက်လဲချက်ပေး၍ အမိန့်ချမှတ်မည် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက်ချ ပြီးနောက်ပိုင်း ရှေ့နေဖြစ်သူများနှင့် ၁၀ ကြိမ်ထက်မနည်း တွေ့ဆုံခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် မေလ၊ အိမ်အကျယ်ချုပ် ၆ နှစ် ပြည့်တော့မည့် အချိန်တွင် ၎င်း၏နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထောကြောင့် ရုံးတင်တရားစွဲ ခံခဲ့ရသည်။
အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဖောက်ဖျက်သည်ဟု ဆိုကာ သြဂုတ်လ အတွင်းတွင် ထောင်ဒဏ် ၃ နှစ် စီရင်ချက် ချမှတ်ခဲ့သည်။ ထို့နောက် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ ဆိုင်းငံ့ ပြစ်ဒဏ်၊ နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ ကျခံစေခဲ့သည်။
ပြစ်ဒဏ်လျှော့ပေါ့ရခြင်း အကြောင်းရင်းမှာ ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဖြစ်၍ လည်းကောင်း၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှု၍ လည်းကောင်း၊ အာဃာတ မရှိစေရေးအတွက် လည်းကောင်း၊ ဒီမိုကရေစီ လမ်းကြောင်းတွင် အနှောင့်အယှက် မဖြစ်စေရေးအတွက် လည်းကောင်း ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ စီရင်ချက်အတွက် အယူခံလွှာကို ရန်ကုန်တိုင်း တရားရုံးက စက်တင်ဘာ ၄ ရက်နေ့တွင် လက်ခံခဲ့သော်လည်း အောက်တိုဘာ ၂ ရက် ရုံးချိန်းတွင် ပလပ်ခံရသဖြင့် တရားရုံးချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ပြစ်မှုဆိုင်ရာ ပြင်ဆင်ချက်ကို တင်သွင်းခြင်း ဖြစ်သည်။
Monday, January 11, 2010
ဒေါ်အောင်ဆန်းစုကြည်(သို့)မြန်မာပြည်သူလူထုနဲ့စစ်အုပ်စုအတွက်ကံကောင်းခြင်းလက်ဆောင်

ဒေါက်တာလွဏ်းဆွေ
(ခေတ်ပြိုင်အင်တာနက်စာမျက်နှာမှ ...)
တခါတခါကျတော့လည်း ဗိုလ်သန်းရွှေတို့စစ်အုပ်စု ဖိနှိပ်ရက်စက်နေ တာတွေကိုကြည့်ပြီး ‘ငိုအားထက် ရယ်အားသန်’ ဆိုသလို ဖြစ်မိတာ လေးတွေ ရှိတယ်။ ဥပမာပြောရရင် ကုန်ဈေးနှုန်းကျဆင်းရေး တောင်း ဆိုတဲ့ ကိုထင်ကျော်တို့၊ ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရေး တောင်း ဆိုတဲ့ ဗိုလ်ကြီးဟောင်း ကိုဇော်ညွန့်တို့ကို ဖမ်းတုန်းကဆို နအဖလက် ကိုင်တုတ် ကြံ့ဖွံ့တွေ၊ စွမ်းအားရှင်တွေက လမ်းပေါ်မှာ (၀က်တ ကောင်ကို ၀ိုင်းချုပ်ပြီး ဖမ်းသလို) ရုပ်ပျက်ဆင်းပျက် ပက်လက်ကြီး သယ်သွားပြီး ဒိုင်နာကားပေါ်ကို အတင်းအဓမ္မ ပစ်တင်နေပုံမျိုး …၊
ထန်းမနိုင်ရွာသူလေး မစုစုနွေးကို လှည်းတန်းမှာ ဖမ်းတုန်းကဆိုလည်း (ဒစ္စကာဗာရီထဲမှာ ကြည့်ရတဲ့ ခွေးအ, တွေ သားကောင်ကို ၀ိုင်းပြီးခဲသလို) လမ်းသွားလမ်းလာ ပြည်သူတွေကြားထဲမှာ နအဖလက်ကိုင်တုတ်တွေ ဖြစ်တဲ့ ကြံ့ဖွံ့တွေ၊ စွမ်းအားရှင်တွေက ယိုသူမရှက် မြင်သူရှက်ဆိုသလို ၀ိုင်းဆွဲနေကြပုံမျိုး …၊
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ထိန်းသိမ်းချင်လို့ ဉာဏ်နီဉာဏ်နက်ထုတ် လုပ် ဆောင်တုန်းကလည်း ကြံရာမရတဲ့အဆုံး သူတို့ရဲ့ လုံခြုံရေးတွေ ထူထပ်စွာရှိနေတဲ့ ခြံထဲ အမေရိကန်နိုင်ငံ သား ဂျွန်ယက်တောကို (မသိချင်ယောင်ဆောင်) ပေးဝင်ပြီး ထောင်ဖမ်းတာမျိုးတို့ပေါ့။ တွေးကြည့်ရင် စစ်အုပ် စုရဲ့ လုပ်ကွက်တွေဟာ တော်တော်လေး ရယ်စရာကောင်းသလို လူမြင်ကွင်းကြီးတွေမှာ အရူးအထာနဲ့ ကလေး ကလားအလုပ်တွေ လျှောက်လုပ်နေတယ်လို့လည်း မြင်မိပါတယ်။
တကယ်ဆိုရင် လူကြီးလူကောင်းဆန်ဆန် ဖမ်းလည်း ရတာပါပဲ။ ကိုထင်ကျော်တို့၊ ကိုဇော်ညွန့်တို့၊ မစုစုနွေး တို့အနားကို တာဝန်ရှိတဲ့ အာဏာပိုင်ပုဂ္ဂိုလ်တယောက်လောက် ချဉ်းကပ်သွားပြီး “ကျနော် ဘယ်သူပါခင်ဗျာ၊ ဘာကြောင့် အခုလို ဆန္ဒပြရတာပါလဲ။ ကျနော်တို့ ပြေရာပြေကြောင်း ဆွေးနွေးချင်ပါတယ်။ ကျနော်တို့နဲ့ ခ ဏလောက် လိုက်ခဲ့ပေးပါ” ဆိုလည်း ဘာလက်နက်မှ မပါတဲ့ ကိုထင်ကျော်တို့၊ ကိုဇော်ညွန့်တို့၊ မစုစုနွေးတို့က မလိုက်ဘဲနေလို့ရမလား၊ လိုက်ရမှာပဲပေါ့။ အဲသလိုဆိုရင် ရုပ်ပျက်ဆင်းပျက်လည်း မဖြစ်၊ တဦးနဲ့ တဦးကြား တင်းမာမှုလည်း မဖြစ်ဘဲနဲ့ ပြဿနာကို အေးအေးဆေးဆေး ဖြေရှင်းပြီးသားဖြစ်သွားမှာပါ။
အခုတော့ ပြဿနာရဲ့ ဇစ်မြစ်ကို ပြေလည်အောင် ဖြေရှင်းမပေးချင်ဘဲ ဆန္ဒပြပွဲတွေ ကြီးထွားလာမှာကို အ ကြောက်လွန်တာတခုတည်းနဲ့ ကလေးကွက်တွေ လျှောက်လုပ်တော့ အခြေအနေက ပိုမဆိုးသင့်ဘဲ ဆိုးကုန် တာပေါ့။ စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတွေလည်း ပိုပိုပြီး တိုးများကုန်တာပေါ့။
တကယ်တော့ ကြံ့ဖွံ့၊ စွမ်းအားရှင်တွေ ကလေးကလား လုပ်ကွက်တွေ လျှောက်လုပ်သလိုမျိုး သူတို့ရဲ့ ခေါင် ချုပ်ကြီးဖြစ်တဲ့ ဗိုလ်သန်းရွှေ ကိုယ်တိုင်လည်း လုပ်တာပါပဲ။ ကိုယ့်နိုင်ငံအရေးကို အလုပ်ရှုပ်ခံပြီး ကြားဝင်ဖြေ ရှင်းပေးတဲ့ နိုင်ငံတကာက ဂုဏ်သရေရှိ ပုဂ္ဂိုလ်တွေကို တွေ့ချင်တဲ့အခါ ထွက်တွေ့လိုက်၊ မတွေ့ချင်တဲ့အခါ ဘု ရားဖူးချင်ယောင်ဆောင်ပြီး ရှောင်နေလိုက် ဒါမှမဟုတ် နေပြည်တော်တင်းကုပ်ထဲမှာ နွားစာစဉ်းနေရလို့ မ အားဘူးဆိုတဲ့အထာနဲ့ ရူးချင်ယောင်ဆောင်နေလိုက်နဲ့ ရှက်ရကောင်းမှန်းမသိတော့ဘဲ လုပ်ချင်သလိုကို လုပ် နေတော့တာလေ။
ဗိုလ်သန်းရွှေနဲ့ နောက်တော်ပါတွေ အဲဒီလို အရူးအထာနဲ့ လျှောက်လုပ်နေလို့ကော တိုင်းပြည်မှာ ဖြစ်ပျက်နေ တဲ့ ပြဿနာအ၀၀က ပြေလည်သွားဆိုတော့ မပြေလည်တဲ့အပြင် မြန်မာပြည်သူတွေခမျာ တနေ့တခြား ပိုပို ငတ်လာပြီး နအဖလည်ပင်းကိုလည်း ပြဿနာကြိုးကွင်းတွေက တကွင်းပြီးတကွင်း လာစွပ်နေတော့တာမ ဟုတ်လား။ အဲဒီလာစွပ်နေတဲ့ ကြိုးကွင်းတွေဟာ တချိန်ချိန်မှာ နအဖစစ်အုပ်စုကို အပြီးတိုင် ညှစ်သတ်မယ့် ကြိုးကွင်းတွေဆိုလည်း မမှားပါဘူး။
ဗိုလ်သန်းရွှေတို့အရင် တခြားနိုင်ငံတွေမှာ ပြုတ်ကျသွားခဲ့ကြတဲ့ အာဏာရှင်တွေဆိုလည်း အဲသလို လာစွပ်တဲ့ ပြဿနာကြိုးကွင်းတွေကို မဖယ်ရှားနိုင်ဘဲ တရစ်ပြီးတရစ် တိုးလာ၊ တင်းလာတဲ့အဆုံး နောက်ဆုံးမှာ ကိုယ့် တပ်ကိုယ်တောင် မထိန်းနိုင်တော့ဘဲ ခွေးပြေးဝက်ပြေး ပြေး ဒါမှမဟုတ် ခွေးသေ၀က်သေ သေခဲ့ကြရတာမ ဟုတ်လား။ သိပ်ဝေးဝေးကိုသွားပြီး နမူနာမယူပါနဲ့၊ ပင်ပန်းပါတယ်။ ဖိလစ်ပိုင်က မားကို့စ်၊ ရိုမေးနီးယားက နီ ကိုလိုင်ချောင်ဆက်စကူးနဲ့ အင်ဒိုနီးရှားက ဆူဟာတို တို့ရဲ့ ဖြစ်အင်တွေကို ကြည့်ပြီးတော့ပဲ မြန်မြန်နမူနာယူ လိုက်ပါ။
ဗိုလ်သန်းရွှေတို့စစ်အုပ်စုလည်း အခုလို အရူးအထာနဲ့ ထင်ရာမြင်ရာတွေ ဆက်လုပ်နေဦးမယ်ဆိုရင် နောက် ဆုံးမှာ အဲဒီပုဂ္ဂိုလ်တွေသွားတဲ့ လမ်းစဉ်နောက်ကိုပဲ မလွဲမသွေ လိုက်ကြရမှာပါ။ ဘာဖြစ်လို့လဲဆိုတဲ့ နအဖ လည်ပင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုကြိုးကွင်း၊ စစ်ရာဇ၀တ်မှုကြိုးကွင်း၊ ကုန်းဈေးနှုန်းပြဿနာကြိုးကွင်း၊ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်ခံရမှုကြိုးကွင်း၊ အာဏာအလွဲသုံးစားမှုကြိုးကွင်း၊ အကျင့်ပျက်ခြစားမှုကြိုးကွင်း … စတဲ့ … စတဲ့ မမြင်ရတဲ့ ကြိုးကွင်းပေါင်းစုံက တကွင်းပြီးတကွင်း လာစွပ်နေတာပါ။ အဲသလို မျက်စိထင်ရှား မ မြင်ရတဲ့ ကြိုးကွင်းကြီးတွေ လည်ပင်းလာစွပ်နေတာကို နအဖစစ်ခေါင်းဆောင်တွေ အမြော်အမြင်ရှိရှိ မရှုမြင် တတ်ကြလို့သာ အခုလို မျက်ကန်းတစ္ဆေမကြောက် လုပ်ချင်ရာတွေ လျှောက်လုပ်နေကြတာပါ။ မြင်တတ်မယ် ဆိုရင် လုပ်ရဲကြမှာမဟုတ်ပါဘူး။
ဗိုလ်သန်းရွှေအနေနဲ့ အာဏာလက်မလွှတ်ရမီ အသက်ကြီးပြီး သေသွားခဲ့လည်း ဒေါ်ကြိုင်ကြိုင်နဲ့ သားသမီး တွေ၊ သူချစ်လှပါချည်ရဲ့ဆိုတဲ့ မြေးတော်လေး နေရွှေသွေးအောင် ခေါ် ဖိုးလပြည့်တို့တတွေကတော့ အဲဒီကြိုး ကွင်းတွေ တင်းရစ်လာမယ့် ဒဏ်ကို မရှုမလှခံကြရဦးမှာပါ။ ဗေဒင်မေးပြီး ယတြာခြေမနေပါနဲ့ အလုပ်ရှုပ်ပါ တယ်။ အာဏာရှင် ဗိုလ်နေ၀င်းနဲ့ မြေးတော်တွေရဲ့ ဖြစ်အင်ကိုပဲ သံဝေဂမျက်စိနဲ့ အနီးကပ် ရှုကြည့်လိုက်ပါ။
ဗိုလ်သန်းရွှေနဲ့ ဆွေတော်မျိုးတော်တွေအားလုံး အဲဒီလို ကြိုးကွင်းတွေစွပ်ပြီး ဘ၀ကို ပိုးစိုးပက်စက် အဆုံးမ သတ်ချင်ဘူးဆိုရင် အဲဒီကြိုးကွင်းတွေကို နည်းမှန်လမ်းမှန် ဖယ်ရှားနိုင်မယ့် လုပ်ရပ်မျိုးကို အမြန်ဆုံးလုပ်မှဖြစ် ပါမယ်။ နည်းမှန်လမ်းမှန် ဖြေရှင်းဖို့ဆိုရာမှာလည်း ကလေးကလားမလုပ်ဘဲ လူကြီးလူကောင်းဆန်ဆန် ပြည် သူလူထုက လေးစားကြည်ညိုတဲ့ ခေါင်းဆောင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ညှိနှိုင်းဖြေရှင်းမှသာ အဲဒီကြိုး ကွင်းတွေက ပြေလျော့နိုင်မှာပါ။
ဒီနေ့ဒီအချိန်အခါမှာဆိုရင် နအဖစစ်အုပ်စု စွပ်နေတဲ့ ကြိုးကွင်းတွေကို ကူညီပြီး ပြေလျော့အောင်လုပ်ပေးမယ့် ခေါင်းဆောင်တွေလည်း မြန်မာနိုင်ငံမှာ ပေါ်ထွက်နေပါပြီ။ အဲဒီခေါင်းဆောင်တွေရဲ့ အကူအညီကို ရယူပြီး တော့သာ လူကြီးလူကောင်းဆန်ဆန် ဆွေးနွေးညှိနှိုင်း အဖြေရှာမယ်ဆိုရင် ဗိုလ်သန်းရွှေတို့ စစ်အုပ်စုရဲ့ လည် ပင်းမှာ လာစွပ်နေတဲ့ ကြိုးကွင်းတွေဟာ တကွင်းပြီးတကွင်း ပြောလျော့ကုန်မှာ အမှန်ပါ။ အဲဒီလို ပြေလျော့စေ အောင် ကူညီနိုင်မယ့် အဓိကပုဂ္ဂိုလ်ကတော့ နိုင်ငံတနိုင်ငံမှာ ပေါ်တောင့်ပေါ်ခဲ တိုင်းရင်းသားလူမျိုးပေါင်းစုံက လည်း ယုံကြည်ကိုးစားတဲ့၊ နိုင်ငံတကာကလည်း အသိအမှတ်ပြု လက်ခံတဲ့ ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်ပါ တယ်။
ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုး ယနေ့မြန်မာနိုင်ငံမှာ ရှိနေတာဟာ အကျပ်အတည်းဆိုက်နေတဲ့ မြန်မာ နိုင်ငံရဲ့ ပြဿနာအ၀၀ကို ဦးဆောင်ဖြေရှင်းပေးနိုင်မယ့်သူ ဒါမှမဟုတ် မြန်မာပြည်သူလူထုအတွက် ကံ ကောင်းခြင်းလက်ဆောင်တခု ရထားခြင်းပဲဖြစ်ပါတယ်။ အထူးသဖြင့် ကြိုးကွင်းပေါင်းစုံစွပ်ပြီး လည်ပင်းအစ် နေတဲ့ နအဖစစ်အုပ်စုအတွက် ပိုပြီးတော့တောင် ကံကောင်းခြင်းလက်ဆောင် ဖြစ်နေတယ်ဆိုရင် မှားမယ်မ ထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နအဖစစ်အုပ်စုချည်းပဲ မဖြေရှင်းနိုင်တဲ့ ပြဿနာအ၀၀ကို ဒေါ်အောင်ဆန်း စုကြည်ရဲ့ အကူအညီနဲ့မှ ပြေလည်အောင် ဖြေရှင်းနိုင်မှာမို့ပါ။ တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုတွေရဲ့ ဒေါ သတွေကို နှစ်သိမ့်ပြီး နအဖလည်ပင်းက ကြိုးကွင်းတွေကို တကွင်းပြီးတကွင်း ဖြုတ်ပေးမယ့်သူဟာ ဒေါ် အောင်ဆန်းစုကြည်မှလွဲ အခြားသူ မရှိလို့ပဲဖြစ်ပါတယ်။
အဲဒါကြောင့်မို့ မင်္ဂလာနှစ်သစ်မှာ နအဖစစ်အုပ်စုကို အကြံပေးချင်တာက တရုတ်ကြီးကိုလည်း ခြေသလုံး သွားဖက်မနေပါနဲ့၊ ကုလားကြီးကိုလည်း ခြေသလုံး သွားဖက်မနေပါနဲ့၊ အထည်ကြီးပျက် ရုရှားကိုလည်း ခြေ သလုံး သွားဖက်မနေပါနဲ့၊ အရင်က မတည့်ခဲ့တဲ့ အမေရိကန်ကိုလည်း ခြေသလုံး ပြန်ဖက်ဖို့ ကြိုးစားမနေပါနဲ့။ တိုင်းပြည်နဲ့ လူမျိုးအကျိုးအတွက်ကော နအဖစစ်အုပ်စုရဲ့ ရေရှည်အကျိုးစီးပွားတွေအတွက်ကိုပါ ကြည့်ပြီး အ မှန်အကန် ခြေသလုံးဖက်ချင်တယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြေသလုံးကိုသာ အမြန်ဆုံး ပြေးဖက် လိုက်ပါတော့လို့ ကောင်းသောအကြံကို ပြုချင်ပါတယ်။
နအဖစစ်ခေါင်းဆောင်တွေအနေနဲ့ မိန်းမတယောက်ရဲ့ ခြေသလုံးကိုတော့ မဖက်နိုင်ပါဘူးဆိုတဲ့ တလွဲမာန မျိုးတွေ မထားသင့်တော့ပါဘူး။ အခုလို တိုင်းပြည် အကြီးအကျယ် အကျပ်အတည်းဆိုက်နေချိန်မှာ ပြဿနာ အ၀၀ကို ကူညီဖြေရှင်းပေးနိုင်မယ့် ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးရဲ့ ခြေသလုံးကို ဖက်တာဟာ ရှက်စ ရာလည်း မဟုတ်ပါဘူး။ ဖက်ခွင့်ရတာကိုက စစ်ခေါင်းဆောင်တွေအတွက် ကံကောင်းတာပါ။ ဒီလိုမှန်ကန်တဲ့ ခြေသလုံးဖက်ခြင်းကသာ ကြိုးကွင်းတွေ တကွင်းပြီးတကွင်း စွပ်ပြီး လည်ပင်းအစ်နေတဲ့ နအဖအတွက်ရော အငတ်ငတ် အပြတ်ပြတ်ဖြစ်ပြီး ဒုက္ခပင်လယ်ဝေနေတဲ့ မြန်မာပြည်သူလူထုအတွက်ပါ ကောင်းသောအကျိုးရ လဒ်ကို ဖြစ်ထွန်းစေမှာဖြစ်ပါတယ်။
အဲဒါကြောင့်မို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်အတွင်း မှီတင်းနေထိုင်တဲ့ တိုင်း ရင်းသားပြည်သူလူထုတရပ်လုံးအတွက် ကံကောင်းခြင်းလက်ဆောင်ဖြစ်သလို နအဖစစ်အုပ်စု ထွက်ပေါက် ကောင်း ရရှိစေဖို့အတွက်လည်း ပိုလို့တောင် ကံကောင်းခြင်းလက်ဆောင် ဖြစ်နေတယ်ဆိုတာကို ထင်သာမြင် သာအောင် မီးမောင်းထိုးပြလိုက်ရပါတယ်ဆိုရင် မိကျောင်းမင်း ရေခင်းပြတယ်လို့ မထင်မှတ်ကြစေခလို။ ။
ဒေါက်တာလွဏ်းဆွေ
Sunday, January 10, 2010
မှတ်မှတ်သားသား သူ့စကား
Subscribe to:
Posts (Atom)

