Thursday, December 17, 2009
Wednesday, December 16, 2009
အန်အယ်လ်ဒီခေါင်းဆောင် (၃) ဦးကို ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဂါရ၀ပြု

အန်အယ်လ်ဒီခေါင်းဆောင် (၃) ဦးကို ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဂါရ၀ပြု
NEJ / ၁၆ ဒီဇင်ဘာ ၂၀၀၉
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဥက္ကဋ္ဌ ဦးအောင်ရွှေအပါအ၀င် ဗဟိုအလုပ်အမှုဆောင် (၃) ဦးကို ဒေါ်အောင်ဆန်းစုကြည်က ယနေ့ နံနက်ပိုင်း၌ စိမ်းလဲ့ကန်သာဧည့်ရိပ်သာတွင် တွေ့ဆုံဂါရ၀ပြုခဲ့သည်ဟု အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။
၎င်းက “ကျနော်သိရသလောက်တော့ မနက် (၁၁) နာရီက (၁၂) နာရီထိပါ။ စိမ်းလဲ့ကန်သာဧည့်ရိပ်သာမှာ ဒေါ်အောင်ဆန်းစုကြည်က အရင်ဆုံးရောက်ပါတယ်။ နောက် ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးလွန်းတင်တို့က ရောက်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အဲဒီက ကြိုဆိုပြီးတော့ အဲဒီပုဂ္ဂိုလ် (၃) ဦးကို လှူဖွယ်ပစ္စည်းတွေနဲ့ ကန်တော့ပါတယ်” ဟု ပြောသည်။
ဒီဇင်ဘာ (၁၄) ရက်တွင် နအဖစစ်အစိုးရ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးအောင်ရွှေနေအိမ်သို့ သွားရောက်ကာ ဒေါ်အောင်ဆန်းစုကြည်အား ဂါရ၀ပြုရေးအစီအစဉ်နှင့်ပတ်သက်၍ သဘောထားမေးမြန်းခဲ့ပြီးနောက် ဦးအောင်ရွှေ၊ ဦးလွင်နှင့် ဦးလွန်းတင်တို့ (၃) ဦးကို တနေရာတည်းတွင် စုစည်း၍ ဒေါ်အောင်ဆန်းစုကြည်က ဂါရ၀ပြုခွင့် ရရှိခြင်းဖြစ်သည်။
အန်အယ်လ်ဒီမှ ခေါင်းဆောင်ကြီး (၃) ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် သီးခြားတွေ့ဆုံစကားပြောကြားခွင့် ရသည်ဟုလည်း ဦးဉာဏ်ဝင်းက ပြောသည်။
၎င်းက “ဒီနေ့ သူတို့ (၄) ယောက်က သီးခြားစကားပြောကြတယ်လို့ သိရပါတယ်။ ကျနော်သိသလောက်တော့ အန်ကယ်ဦးလွန်းတင်က ဒေါ်စုရဲ့ အခုရပ်တည်ချက် နိုင်ငံရေးဆောင်ရွက်ချက်အားလုံးကို ထောက်ခံတယ်။ အဲဒီတော့ ဆက်လုပ်ပါလို့ အားပေးခဲ့တယ်လို့ သိရပါတယ်” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခုကဲ့သို့ အသက်အရွယ်ကြီးသူ အန်အယ်လ်ဒီ ခေါင်းဆောင်ကြီး (၃) ဦးအား တွေ့ဆုံကာ ဂါရ၀ပြုရသည့်အတွက် အင်မတန် ကျေနပ်ဝမ်းသာဖြစ်နေသည်ဟု သိရကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။
“ဒေါ်စုက ပြန်လာတဲ့အခါမှာ သူတော်တော်ကျေနပ်တယ်ဆိုတာ ကျနော်သိရတယ်။ နောက်ပြီးတော့ လူကြီးတွေကို သူမတွေ့ရတာကြာပြီး တွေ့ရလို့ အထူးဝမ်းမြောက်ဝမ်းသာရှိတယ်ဆိုတာ ကျနော်သိရပါတယ်” ဟု ၎င်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့် နိုဝင်ဘာ (၁၁) ရက်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပေးပို့သည့်စာတွင် ကျန်းမာရေးအရ မိမိတို့နေအိမ်အသီးသီးတွင်သာ နေထိုင်လျက်ရှိကြသော အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးလွန်းတင်တို့ကို ၎င်းတို့နေအိမ်အသီးသီးတွင် သွားရောက်ဂါရပြု ကန်တော့လိုသည့်အတွက် စီစဉ်ဆောင်ရွက်ပေးပါရန် ထည့်သွင်းမေတ္တာရပ်ခံခဲ့သည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ်ခေါင်းဆောင်(၃)ဦးအား ဒေါ်အောင်ဆန်းစုကြည်မှ ဂါရဝပြု ကန်တော့ခွင့်ရမည် ဖြစ်ကြောင်း

နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့နေ့လည် (၂) နာရီမှ (၄း၃၀) နာရီ အထိ နှစ်နာရီခွဲကျော် တွေ့ဆုံ ဆွေးခွင့်ရခဲ့ကြောင်းနှင့် မနက်ဖြန်မှာ အာဏာပိုင်တွေစီစဉ်ပေးမည့် နေရာတစ်နေရာ၌ အဖွဲ့ချုပ်ခေါင်းဆောင်(၃)ဦးအား ဒေါ်အောင်ဆန်းစုကြည်မှ ဂါရဝပြု ကန်တော့ခွင့်ရမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်း ကပြောဆိုပါတယ်။....
' ဒီကနေ့ နေ့လည် ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်ကယ်တို့ရှေ့နေလေးဦး နေ့လည်(၂) နာရီကနေ (၄း၃၀) အထိ နှစ်နာရီခွဲကျော် တွေ့ဆုံဆွေးနွေးခွင့်ရခဲ့ပါတယ်...။ အဓိကကတော့ လာမည့် (၂၁) ရက်နေ့မှာ လျှောက်လဲချက်ပေးရမယ့် ရေးသားထားတဲ့ မှတ်တမ်းကို စာစုံဖတ်ပြီး အတည်ပြုတာပါ....။
နောက်တစ်ခုကတော့ မနက်ဖြန်မှာ အဖွဲ့ချုပ် ဗဟို ကော်မတီ အဖွဲ့ဝင် ၃ ဦးဖြစ်တဲ့ ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးလွန်းတင်တို့ကို အာဏာပိုင်တွေနဲ့ ညှိနှိုင်းချက်အရ နေရာတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်က ဂါရဝပြုကန်တော့ ခွင့်ရပါမယ်..။ နေရာကတော့ မသိရပါဘူး...။ ရှေ့နေကြီးဦးဥာဏ်ဝင်း ကပြောဆိုပါတယ်။....
နိုဝင်ဘာ (၁၁)ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်မှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံခွင့်ရရန် ဒုတိယစာတစောင် ရေးသားပေးပို့ခဲ့ပါတယ်။ ထိုစာ၌ ကျန်းမာရေး မကောင်းဖြစ်နေသော အဖွဲချုပ်ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် များဖြစ်သည့် ဦးအောင်ရွှေ၊ ဦးလွင်နှင့် ဦးလွန်းတင် တို့အားသွားရောက် ဂါရ၀ပြု ကန်တော့ခွင့် ပြုရန် တောင်းဆိုထားခဲ့ပြီး ထိုစာပါအကြောင်းအရာထဲမှ တစ်ခုအားအာဏာပိုင်များမှ လိုက်လျောခြင်းဖြစ်ပါသည်။ အဓိကစာပါ အကြောင်းအရာ ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံခွင့်ရရန် ကိစ္စအား ယခုအထိ အကြောင်းပြန်ကြားခြင်း မရှိသေးပါဘူး....။
ဒေါ်အောင်ဆန်းစုကြည်နေအိမ်ပြင်ဆင်မှုအခြေအနေ
ရှေ့နေကြီးဦးဥာဏ်ဝင်းမှ ဆက်လက် ပြောဆိုရာမှာ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို အလုပ်သမားတွေ ပြင်ဆင်နေတာကို အန်ကယ်တို့ တွေ့ခဲ့ရပါတယ်... အိမ်ပြင်တာ တော်တော်လေး အချိန်ယူရပါမယ်....။ အိမ်ကဟောင်းနေတော့ တစ်ခုလုပ်ရင်း နောက်နေရာတစ်ခုက ပြင်စရာပေါ်လာရင်း ဖြစ်နေတယ်လို့ ပြောပါတယ်...။ ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်း ကပြောဆိုပါတယ်။....
Tuesday, December 15, 2009
ဒေါ်အောင်ဆန်းစုကြည် ရှေ့နေနှင့် တွေ့မည်၊ အဖွဲ့ချုပ် ခေါင်းဆောင်များနှင့်လည်း တွေ့ခွင့်ရဖွယ်ရှိ

Tuesday, 15 December 2009 13:50 ကိုထွေး
အယူခံနှင့်ပတ်သက်သော ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုလျှောက်လဲချက်အတွက် တွေ့ဆုံဆွေးနွေးရန် ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့ ညနေပိုင်းတွင်သွားရောက် တွေ့ဆုံမည် ဖြစ်ကြောင်း ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက ပြောသည်။
ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လက်ခံရေးအတွက် တရားရုံးချုပ်၌ လာမည့် ၂၁ ရက်နေ့တွင် လျှောက်လဲချက် ပေးရမည်ဖြစ်သဖြင့် ယင်းကဲ့သို့ သွားရောက်တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။
“ဒီနေ့ ညနေပိုင်းလောက်မှာ တွေ့မယ်၊ တရားရုံး ရှေ့နေကိစ္စ” ဟု ဦးဉာဏ်ဝင်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များ ဖြစ်သည့် ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးလွန်းတင်တို့နှင့် တွေ့ဆုံခွင့်ပေးရန် ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီနှင့် ရဲမှူးကြီး တို့သည် ယမန်နေ့ နံနက်ပိုင်းက သဘောထားများ လာရောက် မေးမြန်းခဲ့ကြောင်း NLD ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်ဆွေက ဆိုသည်။
“ဒေါ်စုနဲ့တွေ့ဖို့ရာ တနေရာတည်းမှာ ၃ ဦး ကန့်တော့ ခံမယ်ဆိုရင် ဘယ်လို သဘောရလဲ လာမေးတယ်၊ ဗုဒ္ဓ ဘာသာထုံးစံရှိပါတယ် ကန်တော့ခံတယ် ဆိုတာက ကန်တော့ ခံတဲ့သူဆီကို ကန်တော့မယ်သူက လာရရိုး ထုံးစံ ရှိပါတယ် သီးခြားစီ ကန်တော့ခံချင်ပါတယ်လို့ ပြန်ပြောလိုက်တယ်တဲ့၊ ဒါပေမဲ့ ဒေါ်စု သဘောထားက အားလုံးကို တွေ့ပြီးတော့မှ ကန်တော့ဖို့ လုပ်မယ် ဆိုရင်လည်းပဲ ငြင်းစရာ မရှိပါဘူးလို့ ပြန်ကြားလိုက်တယ် ဆိုတော့ ဗိုလ်ချုပ် ခင်ရီက ဒေါ်အောင်ဆန်းစုကြည် နဲ့ သွားတွေ့မယ်လို့ ပြောသွားတယ်” ဟု ၎င်းက ပြော သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ဒီဇင်ဘာလ ၉ ရက်နေ့က ရန်ကုန်မြို့ရှိ အစိုးရ ဧည့်ဂေဟာတွင် ၄၅ မိနစ်ကြာ တွေ့ဆုံခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးလွန်းတင်တို့နှင့် တွေ့ဆုံရန် အာဏာပိုင်တို့က စီစဉ်နေခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်နေ့ကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရရန် ဒုတိယ စာတစောင် ရေးသားပေးပို့၍ ကျန်းမာရေး ချွတ်ယွင်း နေသော NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် များဖြစ်သည့် ဦးအောင်ရွှေ၊ ဦးလွင်နှင့် ဦးလွန်းတင် တို့ကို သွားရောက် ဂါရ၀ပြု ကန်တော့ခွင့် ပေးရေး တောင်းဆိုထားသည်။
ထို့အပြင် NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး အပါအ၀င် ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံခွင့် ပေးရေး၊ စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခွင့်ရရေး၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့် ပြုရေး တို့လည်း ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုထားသည်။
ဦးဉာဏ်ဝင်းက“ဒီလို တွေ့ခွင့်ရတာ ကောင်းတဲ့လက္ခဏာပါပဲ၊ စကားတွေပြောဖို့လည်း ခွင့်ပေးမှာပါ၊ ကျနော် ခန့်မှန်းတာကတော့ တပတ်အတွင်း ဖြစ်မှာပါ” ဟု ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြား ရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ် ဦးဆောင်သည့် အမေရိကန် ကိုယ်စားလှယ် အဖွဲ့ ခရီးစဉ်အတွင်း ယင်း အဖွဲ့နှင့် မတွေ့ဆုံမီ ဦးတင်ဦးကို ချန်လှပ်၍ NLDဗဟို အလုပ် အမှုဆောင်အဖွဲနှင့် တွေ့ဆုံရန် အစိုးရက စီစဉ်ပေး သော်လည်း ဒေါ်အောင်ဆန်း စုကြည်က ကျေနပ်မှုမရှိသဖြင့် ငြင်းပယ်ခဲ့သည်။
နိုဗဲလ်ငြိမ်းချမ်းရေးဆုနှင့် ၁၉၉၁ ကျောင်းသား လှုပ်ရှားမှု

Friday, 11 December 2009 18:30 ခင်ငြိမ်းသစ်
၁၉၉၁ ခုနှစ်၊ အောက်တိုဘာ လထဲမှာ ပြည်ပ သတင်းမီဒီယာ တွေကနေ ဒေါ်အောင်ဆန်းစုကြည် နိုဗဲလ် ငြိမ်းချမ်းရေး ဆုရရှိကြောင်း ကြေညာခဲ့ပါတယ်။ ဒီသတင်းကို ဒေါ်အောင်ဆန်း စုကြည်ကို ထောက်ခံတဲ့ ပြည်သူတွေက လှိုက်လှိုက် လှဲလှဲ ကြိုဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို လေးစားချစ်ခင်တဲ့ ပြည်သူထဲမှာ ကျမလည်း အပါအ၀င် ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတာက သူ့ရဲ့ အများအကျိုးအတွက် ကိုယ်ကျိုးစွန့်နိုင်တာတွေ၊ ပညာဉာဏ်မြင့်မားတာတွေ စတဲ့ သူ့ရဲ့ အရည်အချင်းတွေ ကြောင့်ပါ။ ချစ်ခင်တာကတော့ သူဟာ မြန်မာ ပီသပြီး ကျက်သရေရှိတဲ့ အမျိုးသမီး တဦး ဖြစ်တဲ့ အပြင် ဗိုလ်ချုပ်ရဲ့သမီး ဖြစ်တာကြောင့်လည်း ပါဝင်ပါတယ်။
ကျမ ခပ်ငယ်ငယ်က ဇူလိုင် ၁၉ ရက်နေ့ ရောက်တိုင်း ကျမအဖေက တာဝါလိန်းလမ်းမှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်ကို ခေါ်သွားလေ့ရှိပါတယ်။ ရောက်တိုင်းလည်း သူ ဘယ်က ကြားလာမှန်းမသိတဲ့ စကားတခွန်းကို ပြောပြလေ့ရှိပါတယ်။
အဖေက “ဗိုလ်ချုပ်က ပြောဖူးတယ် ရေနစ်ပြီးသေသွားတဲ့ အောင်ဆန်းလင်းက အထက်ဆုံး၊ ပြီးရင် အောင်ဆန်းစုကြည်ပဲ” လို့ ပြောတတ်ပါတယ်။
၁၉၈၈ သြဂုတ်လ ၂၆ ရက် နေ့က ရွှေတိဂုံ စေတီ အနောက်မြောက်ဘက် လူထုအစည်းအဝေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည် တရားဟောတော့ ဗမာပြည် လူငယ်လွတ်မြောက်ရေးတပ်ဦး (BYLF) က ဒုဥက္ကဋ္ဌ ကိုအောင်ဒင် က ကျမနဲ့ မတင်တင်ဦးကို အန်တီ့ရဲ့ လုံခြုံရေး ယူဖို့ ခေါ်သွားခဲ့ပါတယ်။ အဲဒီတုန်းကမှ အန်တီ့ကို အနီးကပ် တွေ့ခဲ့ဖူးတာပါ။ ကျမ က အန်တီ့ကို မြန်မာ အမျိုးသမီး တဦးအနေနဲ့ သိပ်ကို သဘောကျခဲ့ ပါတယ်။
ကျမရဲ့ ဘကြီးက ဦးသန့်ရဲ့ တတိယ ကိုယ်ရေးအတွင်းဝန် အဖြစ်နဲ့ ကုလသမဂ္ဂမှာ တာဝန် ထမ်းဆောင်စဉ်က ဒေါ်အောင်ဆန်း စုကြည်နဲ့ ဆုံခဲ့ဖူးတယ်လို့ ဘကြီးက ပြောပြပါတယ်။ အန်တီက နိုင်ငံရပ်ခြားမှာ နေရပေမယ့် မြန်မာ အ၀တ်အစားကို ခုံမင်သလို ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံ ကိုလည်း အမြတ်တနိုး ကျင့်သုံးတယ်လို့ ဘကြီးက ပြောတယ်။
ကျမတို့ ချစ်ခင် လေးစားရတဲ့ လူထုခေါင်းဆောင် နိုဗဲလ်ဆု ရတဲ့ အတွက် ၀မ်းသာတဲ့အပြင် နိုင်ငံရေး အခြေအနေ ဘယ်လို ပြောင်းလဲသွားနိုင်မလဲ ဆိုတာကိုပါ စိတ်ဝင်စားမိပါတယ်။
အဲဒီအချိန်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က အပြတ်အသတ် အနိုင်ရထားပေမယ့် အာဏာကို မလွှဲအပ်သေးပါဘူး။ တချိန်တည်းမှာပဲ ကောလာဟလ သတင်းက ထွက်လာပြန်ပါတယ်။ အန်တီ ဆုယူမယ်ဆိုရင် သွားခွင့်ပြုမယ်၊ ပြန်လာခွင့်တော့ မပြုဘူးတဲ့၊ ဒီ ကောလာဟလကြောင့် တချို့လူတွေ စိတ်ပူကြပါတယ်။ ကျမ ကတော့ စိတ်မပူပါဘူး။ တကယ်လို့ အဲဒါအမှန် ဖြစ်ခဲ့တယ်ဆိုရင်တောင် ဒေါ်အောင်ဆန်းစုကြည်က ထွက်သွားမှာ မဟုတ်ဘူးလို့ ကျမ ယုံကြည်လို့ပါ။
တချို့ လူကြီးတွေက မြန်မာပြည်ရဲ့ ပထမဦးဆုံး နိုဗဲယ်ဆုရှင်ဖြစ်တဲ့ အန်တီ့ကို နေအိမ် အကျယ်ချုပ်ကနေ မဖြစ်မနေ လွှတ်ပေး နိုင်တယ်လို့ ယုံကြည်ကြပါတယ်။ တချို့ကတော့ လွှတ်ပေးဖို့ မျှော်လင့်တာပါ။ နောက်တကြိမ်လည်း ထပ်မဖမ်း လောက်တော့ဘူး လို့ တွက်ကြပါတယ်။ မြန်မာ့ ဒီမိုကရေစီ အရေးဟာ ပိုပြီးတိုးတက်လာဖို့ကိုလည်း မျှော်လင့်ကြပါတယ်။
တခြား နိုဗဲလ်ဆုရှင်တွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ကျယ်ကျယ်လောင်လောင် တောင်းဆိုလာကြပါတယ်။ ဖမ်းဆီးထားတဲ့ နိုင်ငံရေး သမားတွေကိုလည်း ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ပြင်းပြင်းထန်ထန် တောင်းဆို လာကြပါတယ်။ တကမ္ဘာလုံးကလည်း မြန်မာ့ ဒီမိုကရေစီရေး ကို ပိုပြီး အာရုံ စိုက်လာပါတယ်။
ကျမတို့ရဲဘော်တွေရဲ့ မိသားစုဝင်တွေကလည်း အန်တီ လွတ်မြောက်ပြီး နိုင်ငံရေး အခြေအနေ တိုးတက်လာဖို့၊ နိုင်ငံရေး အကျဉ်းသားတွေ အမြန်ဆုံး ပြန်လွတ်လာဖို့ကို မျှော်လင့်စောင့်စား နေကြပါတယ်။
အဆိုး မြင်တတ်တယ်လို့ ခေါ်ရမလား၊ စစ်အစိုးရကို ကွက်တိမြင်တတ်တယ်လို့ ပြောရမလား မသိပါဘူး။ တချို့ လူတွေက ဘာမှ ပိုထူးခြားမှာ မဟုတ်ဘူးလို့ ခန့်မှန်းကြပါတယ်။ စစ်အစိုးရရဲ့ သတင်းစာတွေကတော့ နိုဗဲယ်ဆုရွေးချယ်ရေး အဖွဲ့ကို အကြီး အကျယ် ဝေဖန် ပုတ်ခတ် နေပါတယ်။
တက္ကသိုလ် ကျောင်းသား ကျောင်းသူ အများစု ကလည်း စိတ်ဝင်စားကြပါတယ်။ နိုင်ငံရေးကို စိတ်မ၀င်စားတဲ့ သူတွေတောင် အန်တီ နိုဗဲလ်ဆု ရတဲ့အကြောင်းကို တဖွဖွ ပြောနေကြပါတယ်။ ကျမ နိုင်ငံရေးကို စိတ်ဝင်စားမှန်း သိတဲ့ သူငယ်ချင်းတွေက မေးပါတယ်။ “ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမှာလား” တဲ့။ ကျမ ကလည်း “ လွှတ် ပေးဖို့တော့ မျှော်လင့်ပါတယ်” လို့ပဲ ပြန်ဖြေခဲ့ပါတယ်။
တချို့က အပြင်မှာကြားနေတဲ့ ကောလာဟလ အတိုင်း အန်တီ ပြန်သွားရင် ဘာလုပ်ကြမှာလဲတဲ့။ ဒီတော့ ကျမက “ ပြန်ချင်ရင် အစကတည်းက နိုင်ငံရေး ဘယ်လုပ်ပါ့မလဲ။ ပြန်မှာပေါ့။ ငါတော့ အန်တီ့ကို ယုံတယ်၊ တိုက်ပွဲ မပြီးသေးဘဲ ဘယ်တော့မှပြည်သူကို ကျောခိုင်းမှာ မဟုတ်ဘူး” လို့ပဲ ပြန်ဖြေခဲ့ပါတယ်။
ကျမလိုပဲ ယုံကြည်တဲ့သူတွေ အတော်များများ ရှိပါတယ်။ နိုဗဲလ်ဆု ရခြင်းရဲ့ အကျိုးဆက်ကို ဘယ်သူမှ သေချာမသိပါဘူး၊ အမျိုးမျိုးသော ခန့်မှန်းချက်၊ မျော်လင့်ချက်တွေနဲ့ ပြည်သူတွေဟာ ရင်ခုန်လှုပ်ရှား ခဲ့ကြပါတယ်။
၁၉၉၁ ခုနှစ် နိုဝင်ဘာလမှာ ရန်ကုန်တက္ကသိုလ် အားကစားပြိုင်ပွဲတွေကို ကျောင်းသားများ နားနေဆောင် (RC) ထဲမှာကျင်းပပေးခဲ့ပါတယ်။ ဘတ်စကတ်ဘောပြိုင်ပွဲကို မေဂျာအလိုက် ပြိုင်ကြပါတယ်။ တက္ကသိုလ်ရဲ့ ပျော်ရွင်ဖွယ်တွေထဲမှာ အားကစားပွဲ တွေလည်းပါဝင်ပါတယ်။
ကိုယ့်မေဂျာပြိုင်မယ့်နေ့ဆိုရင် အင်တိုက်အားတိုက် သွား အားပေးကြလေ့ရှိပါတယ်။ အော်ကြ ဟစ်ကြ မခံနိုင်အောင်ပြောကြနဲ့ ဆူညံနေပါတယ်။ ဒါပေမယ့် ချစ်စရာ ကောင်းတာက ပွဲပြီးရင် ပြီးသွားတာပါပဲ။ တဦးနဲ့တဦး ဗွေမယူကြပါဘူး။ ဒီလိုနဲ့ RC ထဲမှာ နေ့တိုင်း လူတွေစည်ကားနေပါတယ်။
အဲဒီအချိန်မှာ အားကစားပွဲတွေ လုပ်တယ်ဆိုတာ ကျောင်းသူကျောင်းသားတွေရဲ့ အာရုံကို လွှဲတဲ့ လုပ်ရပ်ပါ။ ဒါပေမယ့် စစ်အစိုးရက ကျောင်းသားထုရဲ့ နိုင်ငံရေး အမြင်အပေါ် လျှော့တွက်တာပါ။ ဒီဇင်ဘာ ၃ ရက်နေ့မှာ BYLF က အေးကျော်က ပြောပါတယ်။ “RC ထဲမှာ စာဝေလိမ့်မယ်၊ နင်တို့စောင့်နေ” တဲ့။ ကျမက “ဘယ်နေ့လဲ” လို့မေးတော့ သူက “၁၀ရက်နေ့ ပတ်ဝန်းကျင်ပေါ့” တဲ့။ ဒါကြောင့် ကျမလည်း RC ထဲကိုနေ့တိုင်းရောက်ပါတယ်။ စာဝေတာနဲ့ မကြုံခဲ့ပါဘူး။
ဒီဇင်ဘာ ၉ ရက် ညနေပိုင်းမှာ ကျမတို့ သင်္ချာ တတိယနှစ် Section 1လက်တွေ့ခန်းဝင်ရပါတယ်။ လက်တွေ့ လုပ်နေတုန်း သရုပ်ပြ ဆရာမတွေ အချင်းချင်း တီးတိုး၊ တီးတိုး ဖြစ်နေကြတာကို တွေ့ရပါတယ်။ ဘာဖြစ်တယ်ဆိုတာ သေချာမသိရပါဘူး။ ခဏနေတော့ “စာအုပ်ထပ်၊ လက်မှတ်ထိုး၊ ပြီးရင် ပြန်လို့ရပြီ” လို့ အခန်းစောင့်တဲ့ ဆရာမကပြောပါတယ်။ ကျမတို့ ကျောင်းသားတွေက “လက်တွေ့ မပြီးသေးဘူး။ ဘယ်လိုလုပ်မှာလဲ” ဆိုပြီး ၀ိုင်းမေးကြပါတယ်။ ဆရာမက “လက်မှတ်ထိုးရင် အမှတ်ပြည့်ပေးမယ်” ဆိုလို့ လက်မှတ်ထိုးပြီး ထွက်လာကြပါတယ်။
ကျမက ဘာဖြစ်လဲ သိချင်လို့ RC ဘက်ကို ထွက်လာပါတယ်။ RC ရှေ့ မှာ မြင့်သန်း (တိုက်ပွဲဝင်ကော်မတီ) နဲ့တွေ့ပါတယ်။
မြင့်သန်းက “ပထမဦးဆုံး RC အပေါ်ထပ်ကနေ ပွဲကြည့်စင်ဘက်ကို စာတွေဝေချလိုက်တယ်၊ ပြီးတာနဲ့ စာဝေတဲ့ ဘိုဘိုဟန်နဲ့ မင်းလှိုင် (မောင်မှိုင်း) က ထွက်သွားတယ်၊ ထောက်လှမ်းရေးက နောက်ကလိုက်သွားတယ်၊ သူတို့ ၂ ယောက် ၀ိဇ္ဇာ ခန်းမဘက်မှာ စာကပ်တဲ့ အချိန် ထောက်လှမ်းရေးက ခါးပိုက်နှိုက်လို့ အော်ပြီး ဖမ်းတယ်၊ ဘိုဘိုဟန်က အဓိအတိ လမ်းမဘက်ကို ထွက်ပြေး တယ်၊ သူ့ နောက်ကို တောက်လျှောက် ခါးပိုက်နှိုက် ဆိုပြီး အော်လိုက်တယ်၊ ဘိုဘိုဟန်က အဓိပတိ လမ်းမှာ သွားနေတဲ့ ကားကို လှမ်းတားပြီး တက်လိုက်တဲ့ အချိန်မှာ ကားပိုင်ရှင်က ထောက်လှမ်းရေးကို အပ်လိုက်တယ်၊ ထောက်လှမ်းရေးက ဘိုဘိုဟန်ကို ရိုက်နှက် ဖမ်းဆီး သွားတယ်” လို့ ပြောပါတယ်။
အဲဒီနေ့က အားကစားပွဲ တွေကိုလည်း ရပ်ပစ်လိုက်တယ်။
ဒီဇင်ဘာ ၁၀ရက်၊ မနက် ၁၀ နာရီ လောက်မှာ ကျမ သူငယ်ချင်းရီနဲ့ မြင့်သန်း၊ ကျမတို့ သင်္ချာဆောင် (ULB) ကို ရောက်လာ ပါတယ်။ ရီက“ဒီနေ့ ချိန်းပွဲရှိတယ် လိုက်မလား” ဆိုပြီး လာခေါ်ပါတယ်။ အတန်းထဲက လူတွေက ဘာချိန်းပွဲလဲ ဆိုပြီး ၀ိုင်းမေး ကြပါတယ်။ ဒါနဲ့ ကျမက သိချင်ရင် လိုက်ခဲ့ဆိုပြီး ခေါ်လိုက်ပါတယ်။ တချို့လည်း စိတ်ဝင်စားလို့ လိုက်လာကြပါတယ်။
ကျမတို့ အပေါ်ထပ်ကိုတက်ပြီး ထပ်ခေါ်တော့ သင်္ချာ တတိယနှစ် section 2 က ကြူကြူနဲ့ တခြားကျောင်းသားတွေလည်း လိုက်လာကြပါတယ်။
ကျမတို့ ULB က ထွက်လာတဲ့ လူအုပ်စုက RC ထဲမှာ ၀င်ပြီးဖွနေကြပါတယ်။ RC ထဲမှာလည်း ကျောင်းသား အတော်များများ ရှိ နေကြပါတယ်။ တချို့က အားကစားပွဲများ ပြန်စမလား ဆိုပြီး လာစောင့်တာပါ။ တချို့ကလည်း မနေ့က ဖြစ်ထားတဲ့ ပြဿနာ ဆက်ဖြစ်မလား သိချင်လို့ပါ။ အဲဒီအထဲမှာ ထောက်လှမ်းရေး တွေလည်း ပါပါတယ်။
ရီက အမေရိကန် အလံပါတဲ့ တီရှပ်ကို ၀တ်ထားပါတယ်။ ကျမတို့လူစု R.C ထဲရောက်တဲ့အချိန်မှာ ပဲ ၀ိဇ္ဇာ ခန်းမရှေ့မှာ လူစုနေတဲ့ ထွန်းထွန်းသန်း (စိုးမိုး၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ)၊ မျိုးမြင့် (အညာသား) တို့က R.C ဘက်ကို လမ်းလျောက် လာပါတယ်၊ ကျမ တို့လဲ R.C ထဲက ထွက်ပြီး ပလက်ဖောင်းပေါ်အရောက်မှာ လက်ခုပ်တွေ စ တီးကြပါတယ်၊ ကျမတို့ လက်ခုပ်တီးရင်ပဲ ထွန်းထွန်းသန်းတို့က မျက်နှာဖုံးတွေစွပ်ပြီး ခွပ်ဒေါင်းအလံကို စထောင်လိုက်ပါတယ်။ အဲဒီ ခွပ်ဒေါင်း အလံတွေ အားလုံးကို ကိုမြင့်ဆွေကရေးဆွဲပေးခဲ့တာပါ၊ သူလဲ ထောင် ၁၅ နှစ် ကျခဲ့ပါတယ်။
ထွန်းထွန်းသန်းက R.C ရှေ့က အုတ်ခုံပေါ်တက်ပြီး “ကျောင်းသားရဲဘော်အပေါင်းတို့၊ တခြားနိုင်ငံတွေက တက္ကသိုလ်ကျောင်းသား တွေဟာ ကွန်ပျူတာတွေနဲ့ ခေတ်မီ သင်ခန်းစာကို သင်ယူနေတဲ့အချိန်မှာ ကျနော်တို့တွေက ခေတ်နောက်ကျနေတဲ့ သင်ခန်းစာ တွေကိုပဲ သင်ကြားခွင့်ရကြပါတယ်၊ ဒါတောင်မှ မြန်မာပြည်ရဲ့ အမြင့်ဆုံး သင်ခန်းစာတွေထဲက ကွမ်တမ်သီအိုရီကို လေ့လာနေတဲ့ ကျောင်းသား ဘိုဘိုဟန်ကို ခါးပိုက်နှိုက်ဆိုပြီး ရိုက်နှက်ဖမ်းဆီးသွားတဲ့အတွက် ကျနော်တို့ ကျောင်းသားတွေ အခုကိစ္စကို လုံးဝ ဆန့်ကျင်ပါတယ်၊ ဒါဟာ လုံးဝမဖြစ်သင့်တဲ့ ကိစ္စ ဖြစ်ပါတယ်” ဆိုပြီး တရား စဟောပါတယ်။
ဘိုဘိုဟန်ကို အခုလို ဖမ်းလိုက်တာကို ကျောင်းသားတွေ မကျေနပ်ကြပါဘူး။ စာကြည့်တိုက်ရှေ့ ကွင်းပြင်က ကံ့ကော်ပင်တွေ အောက်မှာ ကျောင်းသားတွေ အုပ်စုလိုက် ရပ်ပြီး ထောက်ခံကြောင်း ပြသနေပါတယ်။ ကားတွေက ဖြတ်သွားဖြတ်လာ လုပ်နေလို့ ရီက ကျမကို “တို့တတွေ လမ်းပိတ်ကြရအောင်” ဆိုပြီး ပြောလို့ ကျမနဲ့ ရီ အဓိပတိ လမ်းမပေါ်ကို လွယ်အိတ်တွေနဲ့ လမ်းပိတ် လိုက်ပါတယ်။
ဆက်ပြီး ရီက “ကျမတို့ကို ထောက်ခံတယ်ဆိုရင် အဓိပတိလမ်းပေါ်ကိုဆင်းခဲ့ကြပါ” လို့ အော်လိုက်ပါတယ်။ ချက်ချင်းဘဲ ခက်မာနဲ့ ရာသက်ပန် (တောင်ငူဆောင်) တို့ အဓိပတိလမ်းပေါ် ဆင်းလာကြပါတယ်။ ထပ်ပြီး ကျမတို့တွေက “ကျောင်းသားသွေး နီတယ် ဆိုတာ ပြကြစို့” ဆိုပြီးထပ်အော်တဲ့ အခါမှာတော့ ကံ့ကော်ပင်တွေ အောက်မှာရှိနေတဲ့ ကျောင်းသားတွေ လမ်းပေါ်ကို ဆင်းလာကြ ပါတယ်။ အဓိပတိလမ်းပေါ်မှာလူတွေ တော်တော်များများ စုမိတော့ သီဟသူ (ကိုဆန်နီ) က “ကဲ၊ ကျဆုံးသွားတဲ့ သူရဲကောင်း တွေကို အလေးပြုကြမယ်၊ ပြီးရင် ၁ မိနစ်ငြိမ်ကြမယ်” လို့ ပြောတော့ ကျမတို့တွေလည်း အလေးပြုပြီး ၁ မိနစ်ငြိမ်ကြပါတယ်။ ပြီးတော့ “ကမ္ဘာမကြေဘူး” သီချင်း ကို သံပြိုင်သီဆို ကြပါတယ်။
သီချင်းဆိုပြီးတော့ ….
“ကျောင်းသား သမဂ္ဂ ဖွဲ့ စည်းရေး………………….တို့အရေး”
“ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသားများအား ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေး…………..တို့အရေး ”
“၉၀ ရွေး ကောက်ပွဲ ရလဒ်ကို အတည်ပြုပေးရေး……………တို့အရေး ”
“တွေ့ဆုံဆွေးနွေး အဖြေရှာရေး………………………….တို့အရေး” ဆိုပြီး သံပြိုင်ကြွေးကြော်ကြပါတယ်။
ကျမတို့ ကျောင်းသားတွေမှာ အစွဲအလမ်း တခုရှိပါတယ်။ ဘွဲ့နှင်းသဘင်ခန်းမ ရှေ့က စတဲ့ တော်လှန်ရေးဟာ သွေးမြေ ကျတတ်တယ်တဲ့၊ ဒါကြောင့် ကျမတို့ အဲဒီနေရာကိုရှောင်ပါတယ်။
ဒီနောက်မှာ ချီတက်ဆန္ဒပြတဲ့အနေနဲ့ R.C ရှေ့ကနေ အဓိပတိလမ်းမအတိုင်း ချီတက်ပြီး ရာမည၊ တောင်ငူဆောင်တွေကို လှည့်ပတ်ကြပါတယ်၊ ချီတက်စဉ် လမ်းတောက်လျှောက်မှာ ကြွေးကြော်သံ တွေကို ဟစ်ကြွေးခဲ့ ကြပါတယ်။ အဲဒီ ဆန္ဒပြပွဲမှာ ကျောင်းသားထုဟာ ထောင်နဲ့ချီပြီး ပါဝင်ခဲ့ပါတယ်။
ကျောင်းထဲမှာ ဆန္ဒပြနေကြတုန်းမှာပဲ ကျောင်းတံခါးတွေကို ပိတ်လိုက်ပါတယ်။ ကျောင်းရဲ့ အပြင်ဘက်မှာလည်း ကျောင်းသား တအုပ်က ကျောင်းထဲဝင်ဖို့ ကြိုးစားအားထုတ် နေကြပါတယ်။ အဲဒီ ကျောင်းသားတွေကို သက်ထွန်း (လူဘောင်သစ်) က ဦးဆောင်ပါတယ်။
ချီတက် ဆန္ဒပြပြီးတော့ R.C ရှေ့ကို ပြန်အရောက်မှာ သပိတ်စခန်းဖွင့်လိုက်ပါတယ်။ ထွန်းထွန်းသန်း၊ မျိုးမြင့်၊ ဆန်နီ၊ မောင်မှိုင်း တို့ တရားဟောနေကြပါတယ်။ ခဏနေတော့ အဲဒီအဖွဲ့ထဲက တယောက်က “ဒီနေ့ဟာ ဒေါ်အောင်ဆန်းစုကြည် နိုဗဲလ်ငြိမ်းချမ်းရေးဆု ရတဲ့နေ့ဖြစ်တယ်၊ ဒီတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့အနေနဲ့ အမျိုးသမီး တဦး တရားဟောပါ” လို့ တောင်းဆို ပါတယ်။
ကျမတို့ အမျိုးသမီးအုပ်စု ခေါင်းချင်းဆိုင်လိုက်ကြ ပေမယ့် ဟောမယ့်သူ ထွက်မလာပါဘူး။ ဒီတော့ အေးကျော်နဲ့ အငယ်ကောင်က ကျမကို နင်ဟောလိုက်ဆိုပြီး ပြောကြပါတယ်။ တကယ်က ကျမ ဘာမှ ကြိုတင်ပြင်ဆင် ထားတာ မရှိပါဘူး။ ဒါပေမယ့် ကျမ ဟောမယ်လို့ ဆုံးဖြတ်လိုက်ပြီး ရှေ့ကို ထွက်လိုက်ပါတယ်။
ကျမ R.C ပေါ်တက်ဖို့ အရပ်မမီတော့ ကျောင်းသားတယောက်က ဆောင့်ကြောင့် ထိုင်ပြီး သူ့ပခုံးပေါ်တက် မတ်တပ် ရပ်ခိုင်း ပါတယ်။ ပြီးတော့ သူက တဖြည်းဖြည်း မတ်တပ် ရပ်ပေးပါတယ်။ အပေါ်က တယောက်က ဆွဲတင် ပေးပါတယ်။ အပေါ်ကို ရောက်တော့ “ကျမတို့မြန်မာပြည် အနေနဲ့ ကမ္ဘာမှာ အမြင့်ဆုံးဆု တခု ဖြစ်တဲ့ နိုဗဲလ်ငြိမ်းချမ်းရေးဆုကို ဒေါ်အောင်ဆန်းစုကြည် ရတဲ့အတွက် အားလုံး ဂုဏ်ယူကြပါတယ်၊ ကျမတို့ဟာ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဒီမိုကရေစီရေး အတွက် ဆက်လက်တိုက်ပွဲဝင်ကြမှာပါ၊ အခုလို တိုက်ပွဲဝင်ဖို့အတွက် ကျောင်းသားထုကို စုစည်းဖို့ ကျောင်းသား သမဂ္ဂဟာ လိုအပ်ချက်ဖြစ်ပါတယ်၊ ဒါကြောင့် သမဂ္ဂ ဖွဲ့စည်းခွင့်ကို လေးလေးနက်နက် တောင်းဆိုပါတယ်” ဆိုပြီး ပြောခဲ့ပါတယ်။
ပြီးတော့ ကြွေးကြော်သံတွေ ကို ဆက်ပြီး ဟစ်ကြွေးကြ ပြန်ပါတယ်။ ကျမ အောက်ပြန်ရောက်တော့ မိုင်နီနီအောင်က “နင်ပြန်တော့၊ ကြာရင်မကောင်းဘူး” လို့ ပြောပါတယ်။ ကျမနဲ့ မိုင်နီနီအောင် (အိန်ဂျယ်) တို့ သန့်စင်ခန်းထဲမှာ အ၀တ်လဲဝတ်ပြီး ကျမရဲ့ ဆံပင်တွေကို အတိုဖြစ်သွားအောင် ကလစ်နဲ့ ညှပ်လိုက်ပါတယ်။
ကျောင်းအ၀င်ဝ မှာတော့ ဆရာတွေက ကျောင်းသားကတ်တွေကို စစ်ဆေးပြီး ကတ်ပြနိုင်မှ အပြင်ထွက်ခွင့်ပေးပါတယ် ကျောင်းသား တွေကတော့ ချီတက်ဆန္ဒပြနေတုန်းပါ။ ကျမတို့ R.C ထဲက မာလာဆောင်အဝအထိ ပေါက်တဲ့ ရေနုတ်မြောင်း အဟောင်းထဲကနေ လမ်းလျှောက် ထွက်လာပါတယ်။ မာလာပေါက်ရောက်တော့ မြောင်းပေါက်ဝမှာစောင့်နေတဲ့ စစ်သားကို ကျမ နေမကောင်းလို့ ပြန်ခွင့်ပေးပါ၊ အထဲမှာ ကျောင်းသားတွေ ဆန္ဒပြနေတော့ ဆရာတွေကတ်စစ်နေတယ်၊ ကျမ ကျောင်းသားကတ် မေ့ခဲ့လို့ပါ ဆိုပြီး သရုပ်ဆောင် ကြပါတယ်။
စစ်သားက ကျမနဲ့ အိန်ဂျယ်ကို ထွက်ခွင့်ပေးလိုက်ပါတယ်။ ကျမတို့ ၂ ယောက် လှည်းတန်းအထိ ကားတခါစီး၊ လှည်းတန်းကနေ မြို့ထဲကို ကားတခါထပ်စီး၊ မြို့ထဲရောက်တော့ အိန်ဂျယ်က အမေရိကန် စင်တာကိုဝင် သတင်းပေးပါတယ်။ ကျမကတော့ ကားငှားပြီး အိမ်ပြန်ပါတယ်။
ကျမ ကားမှတ်တိုင်မှာပဲ ဆင်းလိုက်တော့ ကျမမောင်လေးက လာစောင့်ပြီး “ပြေးတော့၊ အိမ်မှာ ထောက်လှမ်းရေး ရောက်နေတယ်” တဲ့။ ဒါကြောင့် ကျမလည်း သုံးခွမြို့က ကျမရဲ့ အဒေါ်အိမ်ကို တန်းပြေးပါတယ်။
နောက်မှ ကြူကြူ့ကို ၁၀ ရက်နေ့မှာပဲ ရူပဗေဒ ဌာနထဲအထိ ၀င်ဖမ်းခဲ့တယ်လို့ သိရတယ်။ တခြား ကျောင်းသူတွေကိုလည်း မာလာပေါက်မှာ ကားတစီး ရပ်ပြီး “အိမ်ပြန်ပို့မယ် ကားပေါ်တက်” လို့ ခေါ်လို့ ကျောင်းသူတွေ ကားပေါ်ကိုတက်ကြတော့၊လှည်းတန်းလည်း ရောက်ရော အချုပ်ကားနဲ့ ပြောင်းတင်ပေးလိုက်ပြီး အင်းစိန်ထောင်ကို ပို့လိုက်တယ်လို့ သိရတယ်။
ကျမကို မမိတော့ မိသွားတဲ့ ကြူကြူ့ကိုပဲ ဂျပ်ဆင်ပေါ်တက် တရားဟောတယ် ဆိုပြီး တရားစွဲပါတယ်။ ရှေ့နေငှားပြီး လျှောက်လဲခွင့် မရတော့ ကြူကြူက သူကိုယ်တိုင်ပဲ လျှောက်လဲပါတယ်။ “ဒီလောက်မြင့်တဲ့ ဂျပ်ဆင်ပေါ်ကို ကျမ တက်ရအောင်၊ ကျမက Superwoman မှ မဟုတ်တာ” လို့ လျှောက်လဲခဲ့ပါတယ်။
မြင့်သန်းကိုလည်း ၁၀ရက်နေ့မှာပဲ ကျောင်းကအပြန် ၄၈ ဟိုင်းလက်(စ်) ကို စီးလာတုန်း သူစီးလာတဲ့ကားကို လမ်းမတော် ရဲစခန်းထဲ မောင်းခိုင်းပြီး ဖမ်းလိုက်ပါတယ်။
၁၀ရက်နေ့ညမှာ ကျောင်းထဲမရောက်လိုက်တဲ့ ကိုကိုကြီးနဲ့ ကျောင်းသားခေါင်းဆောင် တချို့က လက်ဖက်ရည်ဆိုင်မှာ အေးကျော်နဲ့ တိုင်ပင်ကြပါတယ်။ နောက်တနေ့ ကျောင်းထဲကိုဝင်ပြီး အားဖြည့်ဖို့ပါ။ တိုင်ပင်ပြီး အေးကျော်က သူ့အိမ်သူ ပြန်သွားပါတယ် ကျန်တဲ့သူတွေ ကိုကိုကြီး အိမ်မှာအိပ်ဖို့ လိုက်အသွားမှာ အားလုံး အဖမ်းခံရပါတယ်။
၁၁ ရက်နေ့ မှာတော့ အဓိပတိလမ်း ၀င်ပေါက်ကို လုံးဝ ပိတ်ထားပါတယ်၊ ကျန်တဲ့ တံခါးပေါက်တွေမှာတော့ လူဝင်သာ
ရုံလောက်ပဲ ဖွင့်ပေးပြီး ဆရာတွေက ပိုက်စိပ်တိုက် စစ်ဆေးပါတယ်။ စီးပွားရေးတက္ကသိုလ် ဝင်ပေါက် တပေါက်တည်းပဲ ဘာမှ မစစ်ဆေးဘဲ ၀င်ခွင့်ပေးထားပါတယ်။
မနက် ၁၀ နာရီလောက်မှာ လူစုမိကြပါတယ်၊ လူစုမိမိချင်းပဲ ကျောင်းတံခါးတွေကို ပိတ်လိုက်ပါတယ်။ ပါမောက္ခချုပ်က ဘွဲ့နှင်းသဘင် ခန်းမထဲကနေ ကျောင်းသားတွေကို လူစုခွဲဖို့၊ လူစုမခွဲရင် တပ်မတော်က အကြမ်းဖက် ဖြိုခွဲရလိမ့်မယ် ဆိုပြီး လော်စပီကာနဲ့ အော်ပါတယ်။
အပြင်မှာရှိနေတဲ့ ကျောင်းသားတွေလည်း ကျောင်းထဲဝင်ဖို့ အတင်းကြိုးစားကြပါတယ်။ လိုင်းပေါက် မှတ်တိုင်မှာ ရီရီထွန်း တရားဟောနေတုန်း ထောက်လှမ်းရေးက ၀င်ဖမ်းတာ ကိုဇော်မင်း (အာပြဲ) နဲ့ တိုးတိုးမြင့် (ဖိုးသာထူး) တို့ ကယ်လိုက်လို့ ရီရီ အဖမ်းမခံခဲ့ရတာပါ။
ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေကို ကိုယ်စားလှယ်ရွေးချယ်ပြီး ပါမောက္ခချုပ်ဆီ တင်ပြကြပါတယ်။
နေ့လယ်ပိုင်းလောက်မှာ ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ်မျိုးညွန့် ကိုယ်တိုင် ဦးဆောင်ပြီး ရန်ကုန်တက္ကသိုလ်ထဲကို ၀င်ရောက် စီးနင်းခဲ့ပါတယ်။
ကျောင်းသား အယောက် ၄၀၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်၊ ၁၁ ရက်နေ့မှာပဲ ကျောက်တံတား မြို့နယ်မှာနေတဲ့ ရီရီထွန်းနဲ့ ကိုမြတ်စံတို့ကို ၀င်ဖမ်းတော့ အိမ်မှာရှိနေတဲ့ ကိုမြတ်စံကို မိသွားပါတယ်။ နောက် ၂ ရက်အကြာမှာ ခင်မိုးအေး ကိုလည်း ဖမ်းမိသွားပါတယ်။ အင်းစိန် အုပ်စု အကုန်လုံး နီးပါး ဖမ်းဆီး ခံခဲ့ရပါတယ်။
၁၉၉၁ ခု ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ဖြစ်ခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုဟာ ကျောင်းသားတွေ အများကြီး အဖမ်းခံခဲ့ရတဲ့ ၁၉၈၈ နောက်ပိုင်း အတော်ကြီးမားတဲ့ ကျောင်းသားလှုပ်ရှားမှု တခုဖြစ်ပါတယ်။ အဲဒီ လှုပ်ရှားမှုဟာ ပြည်သူတွေရဲ့ လိုလားချက်ကို ထင်ဟပ်တဲ့ ကျောင်းသားတွေရဲ့တိုက်ပွဲ တပွဲလည်း ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ ကျောင်းသား သမိုင်းဟာ တောက်ပမြဲ တောက်ပ နေပါတယ်။
၁၉၉၁ ခု ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် နိုဗဲလ်ဆုကို ရခဲ့ပေမယ့် စစ်အစိုးရကတော့ ဂရုမစိုက်ခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်မလွှတ်တဲ့အပြင် နောက်ထပ် နိုင်ငံရေး လှုပ်ရှားသူတွေကို ရာနဲ့ချီပြီး ဖမ်းဆီးခဲ့ပါတယ်။ အမျိုးသား ညီလာခံကို တမေ့တမော အချိန်ဆွဲ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံကို ဆက်လက်ချုပ်ကိုင်ဖို့ စစ်အာဏာရှင် ဥပဒေကို အသက်သွင်း ခဲ့ကြပါတယ်။ ဒါကတော့ ပြည်သူတွေရဲ့ လက်တွေ့ဘ၀ပဲ ဖြစ်ပါတယ်။ ။
Monday, December 14, 2009
ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရားအမိန့်ချခြင်းကို ဆန့်ကျင်ဆန္ဒပြခြင်း နှင့် နိုင်ငံရေးအကျဉ်းသားများကို ချွင်းချက်မရှိလွှတ်ပေးရန် ဆက်လက်တောင်းဆို
၁၃.၁၂.၂၀၀၉
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲ၏ နဂိုယာစည်းရုံးရေးဒေသ အဖွဲ့ချုပ်ဝင်များမှ (၁၃.၁၂.၂၀၀၉)နေ့တွင် ဒေါ်အောင်းဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများအား ချက်ချင်းလွှတ်ပေးရန် ဆက်လက်တောင်းဆိုပွဲကို နဂိုယာမြို့ ခနယာမဘူတာရှေ့၌ နေ့လည် ၁နာရီမှ ၃နာရီ အထိ တောင်းဆိုဆန္ဒပြခဲ့ကြသည်။
Subscribe to:
Posts (Atom)