Thursday, December 10, 2009
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံရေးဂုဏ်သိက္ခာ၊ ကျင့်ဝတ်ကတိဟာ လူမျိုးစုံပြည်သူလူထုတရပ်လုံးပဲဖြစ်တယ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံရေးဂုဏ်သိက္ခာ၊ ကျင့်ဝတ်ကတိဟာ လူမျိုးစုံပြည်သူလူထုတရပ်လုံးပဲဖြစ်တယ်
မင်းဆွေ (ပေါက်)
၁၉၈၈ ခုနှစ် ဩဂုတ်လမှာ မြန်မာနိုင်ငံတ၀ှမ်းလုံးရှိ လူတန်းစားပေါင်းစုံ၊ အလွှာပေါင်းစုံ၊ အရွယ်ပေါင်းစုံ၊ လူမျိုး ပေါင်းစုံ ပါဝင်တဲ့ ပြည်သူလူထုကြီးတရပ်လုံးဟာ မကြုံစဖူး ထူးကဲလှစွာ လှည်းနေလှေအောင်း မြင်းဇောင်းမ ကျန် စုစည်းညီညွတ်စွာ အုံကြွခဲ့ကြပြီး မဆလ တပါတီအာဏာရှင်စနစ်ကို ဖြိုချဖျက်သိမ်းကာ ဒီမိုကရေစီရရှိ ရေး တောင်းဆိုတိုက်ပွဲဝင်မှုကြီးတရပ်ကို ပေါ်ပေါက်စေခဲ့ပါတယ်။ အသက်သွေးချွေးပေါင်း မြောက်မြားစွာ သွန်းလောင်းရင်းနှီးပြီး ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ မြန်မာနိုင်ငံတော်သစ်ကြီး ပေါ်ထွန်းလာဖို့ ကြိုးပမ်းခဲ့ကြ တာ ဖြစ်ပါတယ်။
အဲဒီကနေစပြီးတော့ ပြည်သူလူထုကြီးတရပ်လုံးရဲ့ ကျယ်ပြန့်ကြီးမားလှတဲ့ ဆန္ဒမွန်တွေကို အကောင်အထည် ဖော်ပေးဖို့၊ သမိုင်းရဲ့တောင်းဆိုချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၂၇) ရက် နေ့မှာ ယခုလက်ရှိ တပ်ဦးအလံကိုင် ပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပေါ်ထွန်းဖြစ်တည် လာရတာ ဖြစ်ပါတယ်။ ဒီတပ်ဦးအလံကိုင်ပါတီကြီးကို မြန်မာနိုင်ငံတော်ရဲ့ လွတ်လပ်ရေးဗိသုကာကြီးလည်း ဖြစ်၊ တပ်မတော်ရဲ့ဖခင်လည်းဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်က အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။ ဆယ်စုနှစ် (၂) စု ကျော်ခဲ့ပါပြီ။ ဒီ အနှစ် (၂၀) ကျော်အတွင်းမှာ (၁၅) နှစ်ကျော် အိမ်ချုပ်နဲ့ ထိန်းသိမ်းချုပ်နှောင်ထားခြင်း ခံနေခဲ့ရတာပါ။
အခုချိန်ထိလည်းပဲ နအဖစစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ချုပ် အဖြစ် ဆက်လက်ချုပ်နှောင် ဖမ်းဆီးထားဆဲဖြစ်ပါတယ်။ လွတ်ရက်စေ့ပြီဖြစ်ပေမယ့်လို့ တရားဥပဒေကို အလွဲ သုံးစားပြုကာ အပြစ်မရှိ အပြစ်ရှာ ဖမ်းဆီးချုပ်နှောင်ထားတာဖြစ်ပါတယ်။ အင်းစိန်ထောင်တွင်းတရားရုံးမှာ စစ်ဆေးကြားနာပြီးတဲ့နောက် တရားသူကြီးက (၃) နှစ် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ အဲဒီအချိန်တိုလေးအ တွင်းမှာပဲ အထူးအမိန့်စာ စာရွက်တရွက် ရောက်လာပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီက ကမန်းကတန်း ပို့ လွှတ်လာတာဖြစ်ပြီး ပြစ်ဒဏ်ကို (၁)နှစ်ခွဲ အဖြစ် လျှော့ချပြောင်းလဲလိုက်ပါတယ်။
သူ့ရဲ့အဆိုအရတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်တာကတကြောင်း၊ လူသား ချင်း စာနာထောက်ထားတဲ့ အနေနဲ့တကြောင်း ပြစ်ဒဏ်ကို ပြောင်းလဲလျှော့ပေါ့လိုက်တာလို့ ပြောပါတယ်။ နောက်ပြီး ကောင်းမွန်စွာ နေထိုင်သွားရင် ပြစ်ဒဏ်ကနေ အပြီးလွှတ်ပေးဦးမယ်လို့ ဆိုပြန်ပါတယ်။ တရားဥပ ဒေချိုးဖောက်လို့သာ အပြစ်ပေးအရေးယူရတာဖြစ်ပြီး တရားရုံးရဲ့ ဆုံးဖြတ်ချက်အရသာ ဖြစ်ပါတယ်လို့ ဆိုပါ တယ်။
ဒေါ်အောင်ဆန်းစုကြည်ကပဲ အမှန်တကယ် ပြစ်မှုကျူးလွန်ထားတဲ့သူလိုမျိုး ပြောကြားနေတာဖြစ်ပါတယ်။ မူ လအဖြစ်မှန်အကြောင်းရင်းကိုတော့ တတိုင်းတပြည်လုံးက ကောင်းကောင်းသိထားကြပါတယ်။ ဒီလိုမျိုး ပြော ဆိုပြုမူမှုတွေဟာ ပြည်သူလူထုကြီးအဖို့ မထူးဆန်းတော့တဲ့ကိစ္စ လုပ်နေကျဖြစ်လို့ ရိုးအီနေပါပြီ။ ကွယ်ရာမှာ တော့ ဗိုလ်ချုပ်မှူးကြီးကို ကောင်းကောင်းမေတ္တာပို့နေမှာပါ။ အာဏာရူး မိစ္ဆာဒိဌိကြီးလို့ ...။
ဒါပေမယ့် ဘယ်လိုပဲဖြစ်ပါစေ တရားဥပဒေအရ တရားသူကြီးရဲ့စီရင်ချက် အမိန့်ချမှတ်မှုကို စစ်အာဏာစက်နဲ့ ၀င်ရောက်စွက်ဖက် ခြယ်လှယ်လိုက်တာဟာ တရားရေးမဏ္ဍိုင် ဘယ်လောက်တိမ်းစောင်းနေပြီဆိုတာကို အ ထင်အရှား ဘွားဘွားကြီး ဖော်ပြလိုက်တာဖြစ်ပါတယ်။ တနည်းအားဖြင့် သူတို့ စစ်အုပ်စု ပြောပြောနေတဲ့ တ ရားဥပဒေစိုးမိုးရေး မရှိဘူးဆိုတာကို လက်တွေ့ပြလိုက်တာလည်း ဖြစ်ပါတယ်။ တရားဥပဒေရဲ့အပေါ်မှာ စစ် အုပ်စုရှိတယ် ဆိုတဲ့အချက်ဟာ ဘယ်လိုမှငြင်းလို့ ဖုံးကွယ်လို့မရဘူး ဖြစ်သွားပါတယ်။
ဒီလိုဆိုရင် ဗိုလ်ချုပ်ကြီးရွှေမန်း ပြောကြားခဲ့တဲ့ “ ဥပဒေရဲ့အထက်မှာ ဘယ်သူမှ ရှိမနေစေရဘူး” ဆိုတဲ့ စကား နဲ့ ပြောင်းပြန်စောက်ထိုး ဖြစ်နေတော့မှာပေါ့။ သူတို့ကိုယ်တိုင် ထုတ်ပြန်ကြေညာထားတာပဲ မဟုတ်ပါလား။ ဒီ လိုမျိုးအဖြစ်အပျက် တခြားကိစ္စတွေ အများကြီးရှိပါသေးတယ်။ ငါတို့ လုပ်ချင်သလို လုပ်လို့ရတယ်၊ လုပ်နိုင် တယ်။ ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုဘူးဆိုတဲ့ အချိုးနဲ့ မြန်မာပြည်သူလူထုကြီးကို စော်ကားမော်ကားလုပ်နေ တယ်ဆိုတာ ရှင်းနေတော့တာပါပဲ။ ဒီလိုမျိုး ပြည်သူတရပ်လုံးအပေါ် တရားလက်မဲ့ တဆွေတမျိုးလုံး ဆက် လက်စော်ကားမိုက်ရိုင်း ပြုမူကျင့်ကြံနိုင်ဖို့ရာ တပ်ချုပ်ကြီးက ဒီ ၂၀၁၀ ဆိုတဲ့ဟာကြီးကို အဖြစ်နိုင်ဆုံး အမြန် အပြီးသတ် ကျင်းပချင်နေတာပါ။ နိုင်ငံတကာအသိုင်းအ၀န်းကိုတော့ ပြီးရောပေါ့။
ဒီလိုပြစ်ဒဏ်ကို (၁၈) လအဖြစ် လျှော့ချပေးလိုက်တာကို တချို့သော ကမ္ဘာ့နိုင်ငံတွေ ဒေသတွင်း နိုင်ငံတွေ အတွက်တော့ အပြုသဘောဆောင်တဲ့ လုပ်ရပ်မျိုး အကောင်းမြင်တဲ့ သဘောမျိုး ဖြစ်သွားနိုင်တယ်ဆိုတာကို လည်း ဗိုလ်ချုပ်မှူးကြီးက ကောင်းကောင်းသိထား နားလည်ထားတယ်လို့ ကျနော့်အနေနဲ့ ယူဆပါတယ်။ အ ချိန်ဆွဲလို့ ရသွားနိုင်တာပေါ့။ စောင့်ကြည့်ကြသေးတာပေါ့။ အချိန်စောပါသေးတယ်။ အရင်စလို လုပ်လို့မဖြစ် ဘူး စသဖြင့်ပေါ့။
ဒီလို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ဖမ်းဆီး ချုပ်နှောင်ထားတာဟာ ၂၀၁၀ ရွေး ကောက်ပွဲမှာ မပါဝင်စေလိုလို့လည်း သုံးသပ်ယူဆနိုင်ပါတယ်။ အကြောင်းကတော့ ၂၀၁၀ ခုနှစ် ရွေးကောက် ပွဲကျင်းပပြီးစီးမယ့် အချိန်ပိုင်းလောက်ဆို ပြစ်ဒဏ်ချမှတ်ထားတဲ့ ကာလလည်း ကုန်ဆုံးပြီမို့လို့ ဖြစ်ပါတယ်။ နောက်တခုက ရွေးကောက်ပွဲကျင်းပရေးဥပဒေလည်း အခုချိန်ထိ တရားဝင်ထုတ်ပြန်တာမျိုး မရှိသေးလို့ဖြစ်ပါ တယ်။ ဒီဥပဒေနဲ့ ပတ်သက်ပြီးတော့ အမျိုးမျိုး ပြောဆိုသံတွေတော့ ကြားနေရပါတယ်။ အတည်ပြုဖို့ ခက်ခဲပါ လိမ့်မယ်။
ဘာပဲဖြစ်ဖြစ် စစ်ကောင်စီအနေနဲ့ကတော့ သူတို့ရဲ့လမ်းပြမြေပုံအတိုင်း မဖြစ်မနေ ဆက်လုပ်သွားမယ်လို့ မ ကြာသေးခင်ကမှ ပြုလုပ်သွားတဲ့ စစ်မှုထမ်းဟောင်းညီလာခံ အပိတ်မိန့်ခွန်းမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အ ခိုင်အမာ ထပ်မံပြောကြားသွားပါတယ်။ သူတို့ဘက်ကတော့ စီစဉ်ရေးဆွဲထားတဲ့အတိုင်း စီမံချက်ရှိရှိ မက်ခီ ယာဗယ်လီရဲ့ ရှေးနည်းဟောင်းအတိုင်း သွားလိမ့်မှာသာ ဖြစ်ပါတယ်။
အဲဒီနေရာမှာ အလေးအနက်စဉ်းစားဖို့ လိုအပ်လာပါတယ်။ ကျနော်တို့ဘက်ကကော ဒီပွဲအတွက် ဘာတွေပြင် ဆင်ထားပါသလဲ။ ပြင်ဆင်ဖို့ စီမံချက်ကော ရေးဆွဲထားနိုင်ပါပြီလား။ လူထုအနေအထားကကော ဘယ်အခြေ အနေမှာ ရှိနေပါသလဲ။ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မြောက်လာတဲ့အထိ ဒီအတိုင်း ငုတ်တုတ်ကြီး ထိုင် စောင့်နေဦးမှာလား။ ဒီအတိုင်း မလှုပ်မရှက်နဲ့ လွှတ်ပေးနိုးကို ကျိတ်မျှော်နေမှာလား။
ဒေါ်အောင်ဆန်းစုကြည် မလွတ်သေးရင်ပဲ တခြားခေါင်းဆောင်တွေ၊ အဆင့်ဆင့်သော ရဲဘော်တွေအနေနဲ့ ဘာမှလုပ်ဆောင်ဖို့ မကြိုးစားတော့ဘဲ ပြုသမျှ နုရတော့မယ့် အခြေအနေမို့ လည်စင်းပေးဖို့ပဲ ပြင်ထားကြဖို့ ညွှန်ကြားချက်များ ရှိထားလေရော့သလား။ ဦးဆောင်နိုင်မှု အရည်အချင်း မရှိကြတော့ဘူးလား။ ဦးမဆောင် နိုင်ဘူးလို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိရင်လည်း ဦးဆောင်ဝံ့တဲ့၊ ခေါင်းဆောင်ရဲတဲ့သူတွေကို တာဝန်အရ အ ဆင့်လိုက် လုပ်ဆောင်ခွင့်ကိုသတ်မှတ်ပြီး လူထုနဲ့တသားတည်းကျတဲ့သူတွေကို ရှေ့ကတက်ဦးဆောင်ခိုင်းပြီး ကိုယ်က နောက်ကနေ အကြံပေးနောက်လိုက် လုပ်ရင်ကောမရဘူးလား။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင်က “အားလုံးအတွက် အကောင်းဆုံးကို မျှော်လင့်ထားသလို အဆိုးဆုံးကိုလည်း ပြင်ဆင် ထားကြဖို့” ဆိုတဲ့ သတင်းစကားပါးထားတယ် မဟုတ်ပါလား။
အထူးသဖြင့်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် အဓိက ဖြေဆိုရမယ့် အဖြေရှင်အဖြစ် အချိန်ကျ ရောက်လာနေပါပြီ။ ခေါင်းခါရှောင်လွှဲသွားလို့ မရနိုင်တော့တဲ့ အခြေအနေပါ။ တပ်ဦးအလံကိုင်ပါတီကြီးဆို တော့ အရံသင့် ပြင်ပြင်ဆင်ဆင် လုပ်ထားပြီးဖြစ်မယ်လို့ ယုံကြည်ယူဆထားပါတယ်။ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စမှန်သမျှကို အဆင်သင့် ပြင်ဆင်ဆောင်ရွက်ထားပြီးသားပါ၊ အချိန်ကျလာရင် ပြတ်ပြတ်သားသား လုပ် ဆောင်သွားမှာပါလို့ ဒီချုပ်ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးအဖွဲ့ဝင် ဦးဉာဏ်ဝင်းကလည်း လေလှိုင်းမေးမြန်း ချက်မှာ ပြောဆိုထားဖူးပါတယ်။
ဒီလိုသာဆိုရင်တော့ အထူးကျေးဇူးတင်ရမှာပါ။ ဘာကြောင့်ဆို အန်အယ်လ်ဒီဟာ မြန်မာပြည်တ၀ှမ်းလုံးမှာရှိ တဲ့ လူမျိုးစုံပြည်သူလူထုတရပ်လုံးက ၁၉၉၀ ခုနှစ် မေလ ရွေးကောက်ပွဲကနေ ရွေးချယ်တင်မြှောက်ခဲ့တဲ့ အနိုင် ရပါတီဖြစ်နေလို့ပါပဲ။ မဲပေးနိုင်ခွင့်ရှိသူ ဦးရေ သန်း (၂၀) မှာ (၁၅) သန်းက အတည်ပြုရွေးကောက် တင် မြှောက်ထားတာပါ။ တပ်မတော်သားများပါ မဲဆန္ဒပြု မဲထည့်ရွေးကောက်ထားတဲ့ ပါတီဖြစ်နေလို့ပါ။ တပ်မ တော်သားများကိုလည်း ကိုယ်စားပြုပါတယ်။ (၈၂) ရာခိုင်နှုန်းနဲ့ကို ပြတ်ပြတ်သားသား အနိုင်ရရှိထားတာဖြစ် ပါတယ်။
တနည်းအားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်သူလူထုရဲ့ဆန္ဒကို ကိုယ်စားပြုထင်ဟပ် ဖော်ပြထား ချက်လို့ ပြောနိုင်ပါတယ်။ ပြည်သူလူထုရဲ့ဆန္ဒသဘောထားကို လိုက်နာဖော်ဆောင်ပေးဖို့ လိုအပ်နေပါတယ်။ ပြည်သူလူထုတရပ်လုံးရဲ့ ဘ၀လွတ်မြောက်ရေးအတွက် ရှေ့ကနေ မားမား မတ်မတ် ရပ်တည်ပေးရမယ့် တာ ၀န်ဝတ္တရားကလည်း ကျန်ရှိနေပါတယ်။ လတ်တလော နိုင်ငံရေးအနေအထားကလည်း ဒီအတိုင်းပဲတောင်းဆို နေတယ်လို့ ယုံကြည်ယူဆမိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြောဆိုခဲ့တဲ့စကားဖြစ်ပါတယ်၊ အဲဒါက ဘာလဲဆိုလို့ရှိရင် “တိုင်းပြည်နဲ့ လူ မျိုးအတွက် ကျမတို့ပါတီကို ဖျက်သိမ်းဖို့ လိုအပ်လာမယ်ဆိုလို့ရှိရင် ဖျက်သိမ်းပစ်ဖို့အဆင်သင့်ပါပဲ” ဆိုတာဖြစ် ပါတယ်။
လူထုတရပ်လုံးရှေ့ကနေသာ မားမားမတ်မတ် ရပ်တည်ဦးဆောင်သွားမယ်ဆိုရင် မဲဆန္ဒရှင်ပြည်သူတရပ်လုံး ကအူလှိုက်သည်းလှိုက် ၀မ်းပန်းတသာ ၀ိုင်းဝန်းကြိုဆိုထောက်ခံကြမှာ မလွဲဧကန်ပါပဲ။ အားကိုးယုံကြည်မှု တွေ၊ လေးစားတန်ဖိုးထားမှုတွေနဲ့အတူ လုပ်လက်စအလုပ်တွေကို ဖုတ်ဖက်ခါပစ်ချထားခဲ့ပြီး အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ရဲ့ နောက်ကနေ စည်းကမ်းတကျ ကိုယ့်တာဝန်ကိုယ် ကျေပွန်စွာနဲ့ မလွဲမသွေ လိုက်ပါလိမ့်မယ် ဆိုတာ အခိုင်အမာ ကျနော်ပြောရဲပါတယ်။ အလေးအနက်ကို ယုံကြည်မိပါတယ်။ သမိုင်းကိုရေးသားခဲ့သူတွေ ဟာ တကယ်တော့ အံ့မခန်းစွမ်းအားပိုင်ရှင် ပြည်သူလူထုကြီးသာဖြစ်ပါတယ်။ ဘယ်ခေတ်စနစ် ရာဇ၀င်မှာမ ဆို သမိုင်းဖန်တီးရှင်ဟာ ပြည်သူလူထုတွေသာ ဖြစ်ပါတယ်။
ဒါကြောင့်လည်း ရှေးခေတ်စာဆိုတော် လက်ဝဲသုန္ဒရ အမတ်ကြီးက “စစ်နည်းဗျူဟာ ဘယ်လိုသာလည်း၊ စွဲ ကိုင်လက်နက် ဘယ်လိုထက်လည်း၊ ပြည်သူ့နှလုံး မသိမ်းကျုံးလျှင်၊ ပြည်သူ့စွမ်းအား မကိုးစားလျှင်၊ ဓားသွား လည်းကြွေ၊ လှံလည်းခွေအံ့” လို့ ပြည်သူ့စွမ်းပကား ပြည်သူ့အင်အားအကြောင်းကို စပ်ဆိုဖွဲ့သီခဲ့တာမဟုတ်ပါ လား။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များကသာ ဒီကနေ့ရဲ့ လူထုလိုလားတောင်းဆိုချက်ကို ပကတိ အခြေအနေနဲ့ကိုက်ညီမယ့် ယုတ္တိကျတဲ့ လက်တွေ့လုပ်ငန်းစဉ်နဲ့အတူ ရဲဝံ့စွန့်စားအနစ်နာခံ အသက်ပေးဆက် ဖို့ကို ပိုင်းဖြတ်ချက်အပြည့်နဲ့ ဆုံးဖြတ်ချက်ချ ဦးဆောင်ချီတက်သွားဖို့ကိုသာ အဓိကဇောင်းပေး လုပ်ဆောင် သွားပြီး အချိန်အခါရောက်ရင် နှောင့်နှေးမတွန့်ဆုတ်ဘဲ ရဲသွေးနီကြောင်းကို သမိုင်းမှတ်တိုင်အဖြစ် စိုက်ထူ မော်ကွန်းထိုးပြမှသာ တဖက်သတ်ရေးဆွဲ အဓမ္မအတည်ပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အာဏာ ဖီဆန်ရေး လူထုတိုက်ပွဲနဲ့ ဖယ်ရှားဖျက်သိမ်းပစ်ရင်း တွေ့ဆုံဆွေးနွေး အဖြေရှာရေးလမ်းကြောင်းကို ခေါ် ဆောင်သွားရ/နိုင်မှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
မင်းဆွေ (ပေါက်)
၂၀၀၉ခု နှစ် ဒီဇင်ဘာလ (၅) ရက်။
Posted by ဒေါက်တာလွဏ်းဆွေ at 5:21 PM
Labels: ဆောင်းပါး
ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖ၀န်ကြီးတွေ့ဆုံမှု အန်အယ်လ်ဒီမှ သတိထားကြိုဆို
ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖ၀န်ကြီးတွေ့ဆုံမှု
အန်အယ်လ်ဒီမှ သတိထားကြိုဆို
NEJ / ၁၀ ဒီဇင်ဘာ ၂၀၀၉
ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ယမန်နေ့က တွေ့ဆုံခဲ့မှုအပေါ် အန်အယ်လ်ဒီအနေဖြင့် သတိထားကြိုဆိုရမည်ဖြစ်ပြီး တွေ့ဆုံဆွေးနွေးမှု ဆက်လက်ဖြစ်ပေါ်လိမ့်မည်ဟု မျှော်လင့်ကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေက ပြောကြားသည်။
“ဦးအောင်ကြည်နဲ့အခုလို ဒေါ်စုနဲ့တွေ့ဆုံတဲ့ကိစ္စကို ကျနော်တို့ သတိထားပြီးကြိုဆိုရမှာပေါ့ဗျာ။ သတိကြီးကြီးထား ကြိုဆိုပြီးတော့ကာ ဦးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့အထိကို ကျနော်တို့ မျှော်လင့်နိုင်ပါတယ်။ တကယ်ဖြစ်မယ် မဖြစ်မယ်ဆိုတာကတော့ စောင့်ကြည့်ရမယ့်ကိစ္စတွေ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
အလုပ်သမားဝန်ကြီးဌာန ၀န်ကြီးလည်းဖြစ်၊ ဆက်ဆံရေးဝန်ကြီးလည်းဖြစ်သည့် ဦးအောင်ကြည်သည် ယမန်နေ့က အစိုးရဧည့်ဂေဟာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် (၄၅) မိနစ်ကြာ တွေ့ဆုံခဲ့သည်။
ယခုကဲ့သို့ ဦးအောင်ကြည်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခြင်းသည် ယခုနှစ်အတွင်း (၃) ကြိမ်မြောက်ဖြစ်ပြီး တွေ့ဆုံသည့်ကိစ္စကို တစုံတရာထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။
ထိုသို့တွေ့ဆုံမှုနှင့်ပတ်သက်၍ ဦးခင်မောင်ဆွေက “ကျနော်တို့ကို ကြိုတင်အကြောင်းကြားထားတာ မရှိပါဘူး။ ကျနော်တို့လည်း ဒေါ်စုနဲ့တွေ့တယ်ဆိုတာပဲ သတင်းကြားရတာပါပဲ။ အခုလောလောဆယ်တော့ ကျနော်တို့ သိနိုင်တဲ့အနေအထားမှာ မရှိသေးပါဘူး။ ဒေါ်စုဆီက ဘာမှ message မလာသေးပါဘူး။ အစဉ်အလာအရဆိုရင်တော့ အာဏာပိုင်ဘက်ကတော့ ဒေါ်စုကမ်းလှမ်းတဲ့စာပေါ်မှာပဲ မူတည်ပြီးတော့ လာရောက်တွေ့ဆုံတယ်လို့ ယူဆလို့ရပါတယ်” ဟု ပြောသည်။
ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံခဲ့ကြသည့်နေ့တွင်ပင် စစ်အစိုးရသတင်းစာများတွင် ဆောင်းပါးရှင် ချမ်းမြအေးက ဒေါ်အောင်ဆန်းစုကြည်၏ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပေးပို့သည့် စာနှစ်စောင်နှင့်ပတ်သက်၍ ရိုးသားမှုမရှိကြောင်း၊ မီဒီယာမှတဆင့် စစ်အစိုးရကို အကျပ်ကိုင်ရန်ဖြစ်ကြောင်း ဝေဖန်ရေးသားထားသည်။
ထိုသို့ တွေ့ဆုံမှုနှင့် ဆောင်းပါးဖော်ပြချက် တိုက်ဆိုင်မှုအပေါ် ခေတ်ပြိုင်က ဦးခင်မောင်ဆွေအား မေးမြန်းခဲ့ရာ ၎င်းက “အဲဒါတော့ကျနော်ထင်တယ်၊ တစစီလို့ စဉ်းစားရလိမ့်မယ် ထင်တယ်ဗျာ။ ဦးအောင်ကြည်နဲ့ ဒေါ်စုတွေ့တာကတော့ ဒေါ်စုကမ်းလှမ်းတဲ့အပေါ်မှာ သူတို့သဘောထားညီလို့ ဒေါ်စုနဲ့လာတွေ့တာပေါ့ဗျာ။ ဆောင်းပါးရေးတာကတော့ အစိုးရအာဘော်လို့ ပြောရဖို့ကတော့ တော်တော်လေးခက်တယ်လေ။ ဆောင်းပါးမှာတော့ သူတို့ဘက်နဲ့ နီးစပ်တဲ့သဘောထား သို့မဟုတ် ဆောင်းပါးရေးနိုင်တဲ့ အခွင့်အလမ်းရှိတဲ့သူတွေက ရေးတယ်လို့ပဲ ကျနော်တော့ ယူဆတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ အာဏာပိုင်တွေဘက်ကနေပြီးတော့ တရားဝင်ပြောတဲ့စကား မဟုတ်ဘူးလို့ပဲ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။ ဒါဟာ ၀န်ကြီးတပါးပါးသော်လည်းကောင်း၊ သတင်းစာရှင်းလင်းပွဲသော်လည်းကောင်း ထုတ်ပြန်ခြင်းမဟုတ်ဘဲနဲ့ ဆောင်းပါးရှင်ရဲ့အာဘော်လို့ပဲ ကျနော်တို့ ယူဆပါတယ်” ဟု ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ နိုဝင်ဘာ (၁၁) ရက်နေ့စွဲဖြင့် ပေးပို့ခဲ့သည့်စာတွင် ဗဟိုအလုပ်အမှုဆောင်များနှင့် စုံညီအစည်းအဝေးကျင်းပခွင့်ပြုရန်လည်း တောင်းဆိုထားသည်။
“စီအီးစီတွေနဲ့ တွေ့ဆုံဖို့ ဒေါ်စုတောင်းဆိုထားတဲ့ကိစ္စကိုလည်း ဖြစ်နိုင်လိမ့်မယ်လို့တော့ မျှော်လင့်ပါတယ်။ ဒေါ်စုကလည်း စီအီးစီတွေနဲ့ တွေ့ဖို့ကိစ္စကို အခု ဦးအောင်ကြည်နဲ့တွေ့တဲ့အခါမှာ ထပ်ပြီးတော့ ပြောကြားလိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်” ဟု ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သည့် ဦးခင်မောင်ဆွေက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးဝန်ကြီး ၉ ကြိမ်မြောက် တွေ့ဆုံ
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးဝန်ကြီး ၉ ကြိမ်မြောက် တွေ့ဆုံ
09 December 2009
မြန်မာနိုင်ငံ စစ်အစိုးရရဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်ဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရဧည့်ဂေဟာမှာ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။
ဘာအကြောင်းအရာ ဆွေးနွေးတယ်ဆိုတာ အတိအကျ မသိရပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို ရေးသားခဲ့တဲ့ စာနဲ့ ပတ်သက်နေလိမ့်မယ်လို့ ယူဆရပါတယ်။ အဲဒီစာထဲမှာ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခွင့်ပြုဖို့၊ အဲလိုဆွေးနွေးပြီး တိုင်းပြည်အကျိုးအတွက် ဆောင်ရွက်နိုင်မယ့် ကိစ္စတွေကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီ မေတ္တာရပ်ခံ တင်ပြခဲ့တာ ဖြစ်ပါတယ်။
အခုတွေ့ဆုံမှုဟာ အနည်းဆုံး အဲဒီထဲက ပထမတချက်နဲ့ ပတ်သက်ပြီးတော့ လာရောက်ဆွေးနွေးတာ ဖြစ်နိုင်တယ်လို့ ယူဆရကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်တွေက ဆိုနေကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးဆီကို ပထမအကြိမ် စာရေးသားခဲ့စဉ်တုန်းက မြန်မာနိုင်ငံအပေါ် နိုင်ငံတချို့ရဲ့ စီးပွားရေးအရ အရေးယူ ပိတ်ဆို့ထားမှု ပြန်ရုပ်သိမ်းရေးအတွက် ဆောင်ရွက်လိုကြောင်း မေတ္တာရပ်ခံခဲ့ပါတယ်။ ဒီကိစ္စအတွက် သူတွေ့ဆုံလိုတဲ့ နိုင်ငံခြား သံတမန်တချို့နဲ့ တွေ့ဆုံခွင့် ရခဲ့ပါတယ်။
အခုတွေ့ဆုံမှုဟာ ဦးအောင်ကြည် ဆက်ဆံရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်း ခံရတဲ့ ၂၀၀၇ ခုနှစ် အောက်တိုဘာလကစပြီး ၉ ကြိမ်မြောက် တွေ့ဆုံမှု ဖြစ်သလို ၂၀၀၉ ခုနှစ်အတွင်းမှာဆိုရင် ၃ ကြိမ်မြောက် တွေ့ဆုံမှု ဖြစ်ပါတယ်။

ယုတ္တိရှိသည့် ရွေးကောက်ပွဲ ဖြစ်ရမည်ဟု ဂျပန်ဝန်ကြီးချုပ် ယူကီအို ဟတိုယာမ က ယနေ့ ယတိပြတ်ပြောဆိုသည်။

စစ်အစိုးရက ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပမည်ဆိုသည့် ရွေးကောက်ပွဲသည် နိုင်ငံတကာက လက်ခံနိုင်မည့် ယုတ္တိရှိသည့် ရွေးကောက်ပွဲ ဖြစ်ရမည်ဟု ဂျပန်ဝန်ကြီးချုပ် ယူကီအို ဟတိုယာမ က ယနေ့ ယတိပြတ်ပြောဆိုသည်။
အဆိုပါပြောကြားချက်ကို အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပနေသည့် ဒုတိယအကြိမ် ဘာလီ ဒီမိုကရေစီဖိုရမ်တွင် အဖွင့်မိန့်ခွန်းအဖြစ် ပြောကြားရာ၌ ထည့်သွင်းပြောဆိုသွားခြင်းဖြစ်သည်။
“ဂျပန်ဝန်ကြီးချုပ် ပြောတာက စစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာ ပါတီအားလုံး လူထုလူတန်းစား အားလုံး ပါဝင်နိုင်ရမယ်။ နောက် နိုင်ငံတကာကလည်း လက်ခံနိုင်တဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ် ကျင်းပရမယ်။ အဲလို အဖွင့်မိန့်ခွန်းမှာ ပြောတယ်” ဟု ဖိုရမ် တက်ရောက်နေသည့် မြန်မာသတင်းသမဂ္ဂ အတွင်းရေးမှူး ဦးစံမိုးဝေက ပြောသည်။
ယနေ့ စတင်ဖွင့်လှစ်ပြီး (၂) ရက်ကြာ ကျင်းပမည့် ဒုတိယအကြိမ် ဘာလီ ဒီမိုကရေစီ ဖိုရမ်ကို အင်ဒိုနီးရှား သမ္မတ၊ ဂျပန်ဝန်ကြီးချုပ်၊ အရှေ့တီမော သမ္မတနှင့် ဘရူနိုင်း ဒါရုဆလင် ဘုရင်တို့က သဘာပတိအဖြစ် ဆောင်ရွက်သည်။
“ဒေသတွင်းမှာရှိတဲ့ လူသားတိုင်းဟာ ဒီမိုကရေစီနဲ့ ဒီမိုကရေစီရဲ့အသီးအပွင့်ကို ခံစားရမယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံသားတွေလည်း အပါအ၀င် ဖြစ်တယ်” ဟု အရှေ့တီမော သမ္မတက ထပ်လောင်း ပြောဆိုခဲ့သည်။
အာရှဒေသတွင်း ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုလုပ်သည့် ဘာလီ ဒီမိုကရေစီ ဖိုရမ်တွင် အာဆီယံ အပါအ၀င် အာရှဒေသတွင်း နိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ဥရောပနှင့် အမေရိကန် ပြည်ထောင်စုတို့လည်း လေ့လာသူများအဖြစ် တက်ရောက်ကြသည်။
ဂျပန်ဝန်ကြီးချုပ်က မြန်မာစစ်အစိုးရအား ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန်နှင့် တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရန် ယခုနှစ်အတွင်း ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပသည့် မဲခေါင်မြစ်ဝှမ်း (၅) နိုင်ငံ အစည်းအဝေး၌လည်း ပြောကြားခဲ့သည်။
အဆိုပါအချက်များကို လိုက်နာမှသာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ဂျပန်နိုင်ငံက အပြည့်အ၀ ပြန်လည်ပေးအပ်မည်ဟုလည်း ပြောကြားခဲ့သည်။
ဂျပန်အစိုးရသည် မြန်မာနိုင်ငံကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ အများဆုံးပေးနေသော နိုင်ငံဖြစ်ပြီး စက်တင်ဘာ သံဃာ့အရေးအခင်းတွင် ဂျပန်သတင်းထောက် သေဆုံးခဲ့ပြီးသည့်နောက် ကူညီမှုကို လျှော့ချခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးကလည်း သတင်းစာဆရာကြီး ဦးဝင်းတင်ကို ယခုနှစ်အတွင်း ဖိတ်ကြားတွေ့ဆုံခဲ့ပြီး မြန်မာ့အရေးကို ဆွေးနွေးခဲ့သည်။
အင်န်အယ်ဒီပါတီက ၎င်းဗဟိုအဖွဲ့စာရင်းကို အတည်ပြုထုတ်ပြန်

ဒီဇင်ဘာလ ၉ ရက်၊ ၂၀၀၉ နေ့စွဲဖြင့် အင်န်အယ်ဒီပါတီဌာနချုပ်က ထုတ်ပြန်ရာတွင် ယခင် နိုဝင်ဘာလ ၁၆ ရက်နေ့က ရွေးကော်ပွဲကော်မရှင်နှင့် စစ်အာဏာပိုင်များကို အကြောင်းကြားခဲ့သော ပါတီ၏ ဗဟိုအလုပ်အမှုဆောင်စာရင်းကို ယခု အများသိစေရန် ကြေညာလိုက်သည်ဟု ဆိုသည်။
၂၀၀၀ ခုနှစ်က စာရင်းဖြစ်သည့် - ပါတီ၏ ဗဟိုဦးဆောင်အဖွဲ့ဝင်များ ဖြစ်ကြသော - ဦးအောင်ရွှေ (ဥက္ကဋ္ဌ)၊ ဦးတင်ဦး (ဒုဥက္ကဋ္ဌ)၊ ဒေါ်အောင်ဆန်းစုကြည် (အထွေထွေအတွင်းရေးမှူး)၊ ဦးလွင် (အတွင်းရေးမှူး) နှင့်တကွ အခြားအဖွဲ့ဝင်များဖြစ်သော ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးလှဖေ၊ ဦးလွန်းတင်နှင့် ဦးညွန့်ဝေ တို့နှင့်အတူ ယခု ထပ်မံအတည်ပြုသည့်စာရင်းတွင် ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့၏ အမည်များကို ဖော်ပြထားသည်။
၎င်းတို့အကြောင်း ဘ၀ဖြစ်စဉ်အကျဉ်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။

ဦးအောင်ရွှေ - ၁၉၄၀ ရန်ကုန်တက္ကသိုလ်ဘွဲ့ရ။ ၁၉၄၂ - ၄၅ ဗမာ့လွတ်လပ်ရေးတပ်မတော်၊ ဗမာ့မျိုးချစ်တပ်မတော်၊ ဗမာ့ကာကွယ်ရေးတပ်မတော်တို့တွင် ထမ်းဆောင်။ တော်လှန်ရေးကောင်စီလက်ထက် - ၁၉၆၁ တပ်မတော်က အနားယူ။ မဆလခေတ် ၁၉၆၁ - ၁၉၇၅ - သံအမတ်အဖြစ် ထမ်းဆောင်။ ၁၉၈၈ - ၁၉၈၉ မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့ ဦးဆောင်သူ၊ ဒေါ်စုနှင့် ဦးတင်ဦး အကျယ်ချုပ်ကျနေစဉ်က စပြီး ပါတီဥက္ကဋ္ဌအဖြစ် ထမ်းဆောင်။ ၁၉၉၀ ရွေးကောက်ပွဲ - မရမ်းကုန်း မဲဆန္ဒနယ် အမှတ် ၁ ပြည်သူလွှတ်တော်ကိုယ်စားလှယ်။ ၁၉၉၅ တွင် အမျိုးသားညီလာခံကို သပိတ်မှောက်ခဲ့။
ဦးတင်ဦး - ၁၉၄၆ မှ ၁၉၇၆ အထိ တပ်မတော်တွင် တာဝန်ထမ်းဆောင်။ ၁၉၇၆ - ၁၉၈၀ - မဆလပါတီက နိုင်ငံတော်လုပ်ကြံမှုဖြင့် စွပ်စွဲပြီး ထောင်ချထားခဲ့။ ၁၉၈၈ အင်န်အယ်ဒီပါတီ၏ ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ယူ။ ၁၉၈၉ - ၁၉၉၂ - စစ်အာဏာပိုင်တို့က အကျယ်ချုပ် ဖမ်းဆီး။ ၂၀၀၃ မေ ၃၀ ဒီပဲယင်းတွင် စစ်အုပ်စု၏ လုပ်ကြံခြင်းကို ဒေါ်စု၊အင်န်အယ်ဒီပါတီဝင်များနှင့် အတူ ရင်ဆိုင်ခဲ့ရ။ စစ်တပ်က ယခုအထိ နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထား။
ဒေါ်အောင်ဆန်းစုကြည် - ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံမှ စတင်ပြီး အတိုက်အခံခေါင်းဆောင်တဦးအဖြစ် ရပ်တည်။ ၁၉၈၈ အင်န်အယ်ဒီပါတီ၏ အထွေထွေအတွင်းရေးမှူး တာဝန် ထမ်းဆောင်။ ၁၉၈၉ မှ စတင်ပြီး ယခုအချိန်အထိ အကြိမ်ကြိမ် အကျယ်ချုပ်ချ ဖမ်းဆီးခြင်း ခံထားရ။ ၂၀၀၃ မေ ၃၀ ဒီပဲယင်းတွင် စစ်အုပ်စု၏ လုပ်ကြံခြင်းကို ဦးတင်ဦး၊ အင်န်အယ်ဒီပါတီဝင်များနှင့် အတူ ရင်ဆိုင်ခဲ့ရ။ အကျယ်ချုပ်အဖြင့် ဆက်လက်ထိမ်းသိမ်းခံရ။ ၂၀၀၉ သြဂုတ်လတွင် စစ်အုပ်စုက နေအိမ်သို့ ခိုးဝင်ကျုးကျော်သူ နိုင်ငံခြားသား အမေရိကန်တဦးကို အကြောင်းပြပြီး အကျယ်ချုပ်ဖြင့် ဆက်လက် ဖမ်းဆီးထား။

ဦးလွင် - ၁၉၄၂ - ၄၅ ဗမာ့လွတ်လပ်ရေးတပ်မတော်၊ ဗမာ့မျိုးချစ်တပ်မတော်၊ ဗမာ့ကာကွယ်ရေးတပ်မတော်တို့တွင် ထမ်းဆောင်။ ၁၉၆၂ နောက်ပိုင်း မဆလခေတ်တွင် ပါတီဝင်လူကြီး၊ ဒုဝန်ကြီချုပ်အဆင့်အထိ တာဝန်ယူခဲ့ဖူး။ သံအမတ်အဖြစ်လည်း ထမ်းဆောင်။ ၁၉၈၈ -၁၉၈၉ ကာလက ဦင်္းအောင်ရွှေကဲ့သို့ မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့တွင် ပါဝင်။ နောက် အင်န်အယ်ဒီပါတီတွင် အတွင်းရေးမှူး အဖြစ် ထမ်းဆောင်။ ၁၉၉၀ ရွေးကော်ပွဲ သုံးခွ မြို့နယ် အမှတ်၁ ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်။

ဦးသန်းထွန်း - ၁၉၃၇ -၁၉၄၁ ကိုလိုနီခေတ် မြင်းခြံ ကျောင်းသားသမဂ္ဂတွင် လှုပ်ရှား။ ၁၉၄၂ - ၁၉၄၆ - ဗမာလွတ်လပ်ရေးတပ်မတော်တို့ ထမ်းဆောင်။ ၁၉၄၇ - ၁၉၅၃ ဖဆပလပါတီ၏ မြင်းခြံ ခေါင်းဆောင်။ ၁၉၅၃ - ၁၉၆၂ ပါလီမန်ဒီမိုကရေစီခေတ် ပါလီမန်အဖွဲ့ဝင်နှင့် အတွင်းရေးမှူး။ ၁၉၆၄ နောက်ပိုင်း မဆလခေတ်က မဆလပါတီဝင်။ ၁၉၈၈ အင်န်အယ်ဒီပါတီဝင်။ ၁၉၉၀ ရွေးကောက်ပွဲ တောင်သာမြို့နယ် အမှတ် ၂ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်။ ၁၉၉၅ အမျိုးသားညီလာခံကို သပိတ်မှောက်ခဲ့သူ တဦး။ ၂၀၀၃ ဒီပဲယင်းလုပ်ကြံမှု ဖြစ်ပွားစဉ် ခေတ္တ အကျယ်ချုပ်ခံရ။

ဦးစိုးမြင့် (သခင်စိုးမြင့်) - ကိုလိုနီခေတ် မြောင်းမြ ဒို့ဗမာအစည်းအရုံး ခေါင်းဆောင်၊ လွတ်လပ်ရေးမတိုင်မီ ပြည်သူ့အရေးတော်ပုံပါတီ ဦးဆောင်သူ တဦး။ ဗမာ့ကာကွယ်ရေးတပ်မတော်တွင် တပ်ရင်းမှူး၊ မြောင်းမြဆိုရှယ်လစ်ပါတီ ခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့။ မဆလခေတ် စာပေနှင့် စာနယ်ဇင်းဌာနများတွင် အသက်မွေးခဲ့။ ၁၉၈၈ အင်န်အယ်ဒီပါတီသို့ ၀င်ရောက်။ ၁၉၉၀ ရွေးကောက်ပွဲ တောင်ဥက္ကလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်။ ၂၀၀၃ ဒီပဲယင်းလုပ်ကြံမှု ဖြစ်ပွားစဉ် ခေတ္တ အကျယ်ချုပ်ခံရ။

ဦးလှဖေ - ကိုလိုနီခေတ်၊ ဂျပန်ခေတ်များတွင် ကျောင်းသားသမဂ္ဂ၀င်၊ ပြည်သူ့အရေးတော်ပုံ ပါတီဝင်၊ ဒို့ဗမာအစည်းအရုံးဝင် အဖြစ် လှုပ်ရှားခဲ့။ ၁၉၅၁ - ၁၉၆၁ ပါလီမန်ခေတ် မော်လမြိုင်ကျွန်းအမတ်။ ၁၉၅၈ - ၁၉၆၂ ဖဆပလ ခေါင်းဆောင်တဦး။ ၁၉၅၉ - ၁၉၆၇ အစိုးရအရာရှိ။ ၁၉၈၆ ၀န်ထမ်းအဖြစ်မှ အငြိမ်းစားယူ။ ၁၉၈၈ အင်န်အယ်ဒီပါတီဝင်။ ၁၉၉၀ ရွေးကောက်ပွဲ မော်လမြိုင်ကျွန်း အမှတ် ၁ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်။ ၂၀၀၃ ဒီပဲယင်းလုပ်ကြံမှု ဖြစ်ပွားစဉ် ခေတ္တ အကျယ်ချုပ်ခံရ။

ဦးလွန်းတင် - ၁၉၄၂ - ၄၅ ဗမာ့လွတ်လပ်ရေးတပ်မတော်၊ ဗမာ့မျိုးချစ်တပ်မတော်၊ ဗမာ့ကာကွယ်ရေးတပ်မတော်တို့တွင် ထမ်းဆောင်။ ၁၉၄၅ - ၁၉၆၅ အထိ တပ်မတော်အရာရှိ။ ၁၉၆၅ - ၁၉၆၇ သံဃာအရေးအခင်းတွင် ပါဝင်သည်ဟု ဆိုကာ အကျဉ်းချခံရ။ ၁၉၆၈ တွင် တပ်မှ အနားပေးခြင်းခံရ။ ၁၉၆၈ - ၈၃ အထိ မဆလခေတ် အစိုးရအရာရှိအဖြစ် ထမ်းဆောင်။ ၁၉၈၈ မျိုးချစ်ရဲဘော်ဟောင်းများ အဖွဲ့ဝင်။ ၁၉၈၈ အင်န်အယ်ဒီပါတီဝင်။ ၁၉၉၀ ရွေးကောက်ပွဲ မော်လမြိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်။ ၂၀၀၃ ဒီပဲယင်းလုပ်ကြံမှု ဖြစ်ပွားစဉ် ခေတ္တ အကျယ်ချုပ်ခံရ။

ဦးညွန့်ဝေ - ၁၉၄၇ - ၁၉၅၂ ကျောင်းသားသမဂ္ဂ ကျောင်းသားခေါင်းဆောင်။ ၁၉၅၂ - ၁၉၈၆ ပါလီမန်ခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ မဆလခေတ်၊ အစိုးအရာရှိအဖြစ် ထမ်းဆောင်။ ၁၉၈၈ အင်န်အယ်ဒီပါတီဝင်။ ၁၉၉၀ ရွေးကောက်ပွဲ တောင်ငူမြို့နယ် အမှတ် ၂ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်။ ၂၀၀၃ ဒီပဲယင်းလုပ်ကြံမှု ဖြစ်ပွားစဉ် ခေတ္တ အကျယ်ချုပ်ခံရ။

U Win Tin & U Khin Maung Swe
ဦးဝင်းတင် - ၁၉၅၃ - ၁၉၅၈ - ပါလီမန်ခေတ် စာနယ်ဇင်း သတင်းစာဆရာ။ ၁၉၅၉ - ၁၉၆၈ တော်လှန်ရေးကောင်စီ၊ မဆလခေတ် - စာနယ်ဇင်း သတင်းစာဆရာ။ ၁၉၆၈ - ၁၉၇၈ မန္တလေးမြို့၊ ဟံသာဝတီသတင်းစာ ဦးဆောင်သူ။ ၁၉၇၈ - ၁၉၈၈ စာရေးဆရာ။ ၁၉၈၈ အင်န်အယ်ဒီပါတီဝင်။ ၁၉၈၉ - စစ်အုပ်စုက အမှုဆင်ပြီး ဖမ်းဆီးထောင်ချ။ အနှစ် ၂၀ နီးပါး စစ်အာဏာရှင်များက အမျိုးမျိုး အမှုဆင်ပြီး ဆက်လက်ထောင်ချထားခဲ့ရာ ၂၀၀၈ စက်တင်ဘာမှ ထောင်က လွတ်မြောက်။
ဦးခင်မောင်ဆွေ - ၁၉၆၁ - ၁၉၆၆ ကျောင်းသားသမဂ္ဂ ကျောင်းသားခေါင်းဆောင်။ ၁၉၆၆ - ၁၉၈၈ မဆလခေတ် အစိုးရအရာရှိ။ ၁၉၈၈ အင်န်အယ်ဒီပါတီဝင်။ ၁၉၉၀ ရွေးကောက်ပွဲ စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်။ ၁၉၉၁ စစ်အုပ်စုက ယာယီအစိုးရတရပ် ဖွဲ့စည်းမည်ကို တားဆီးလို၍ ဖမ်းဆီးထောင်ချ။ ၂၀၀၈ ဧပြီတွင် ထောင်က လွတ်မြောက်။
Wednesday, December 9, 2009
Subscribe to:
Posts (Atom)