-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Sunday, August 7, 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)၊ဂျပန်ဌာနခွဲမှ (၂၀၁၀-၂၀၁၂)ခုနှစ် ပထမအကြိမ်(၆)လပတ်ညီလာခံကိုကျင်းပပြုလုပ်



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)၊ဂျပန်ဌာနခွဲမှ (၂၀၁၀-၂၀၁၂)ခုနှစ် ပထမအကြိမ်(၆)လပတ်ညီလာခံကို ယနေ့(၇-၀၈-၂၀၁၁)၊တနင်္ဂနွေနေ့တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊
IKEBUKUTRO ရှိ KENKOPLAZA(၇)ထပ်တွင် နံနက်(၉)နာရီမှညနေ(၃)နာရီအထိ ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါညီလာခံသို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)၊ဂျပန်ဌာနခွဲ၊နဂိုယာစည်းရုံးရေးဒေသမှ အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)၊ဌာနခွဲများမှ ပေးပို့သောသဝဏ်လွှာအသီးသီးကို ဖတ်ကြားခဲ့ကြသည်။ ထို့နောက် ရေးရာမှုးများမှ မိမိတို့၏အစီရင်ခံစာများကို
ဖတ်ကြားတင်သွင်းပြီး တက်ရောက်လာကြသောအဖွဲ့ဝင်များမှလဲ ရှေ့ဆက်လုပ်ဆောင်ရမည်များကို
အကြံပြုဆွေးနွေးခဲ့ကြသည်။

Monday, August 1, 2011

NLD ပါတီ တရားဝင်တည်ရှိခွင့် ကုလသမဂ္ဂကို တင်ပြမည်

NLD ပါတီ တရားဝင် ရပ်တည်ပိုင်ခွင့်နဲ့ ပတ်သက်ပြီး လာမယ့်သီတင်းပတ် သောကြာနေ့ မတိုင်ခင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်ပြမယ်လို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေ ဦးဥာဏ်ဝင်းက RFA ကို ဒီကနေ့ ပြောပါတယ်။

“အဆင်သင့်ဖြစ်နေပါပြီ။ ဒေါ်စု ပြန်ထွက်လာတာနဲ့ သူ့ကို ပြပြီးတာနဲ့ တင်မှာပါ။ လာမယ့်အပတ်ထဲမှာ သောကြာမတိုင်ခင် တင်မှာပါ”

ဒီတိုင်တန်းချက်ကို ရန်ကုန်မြို့မှာရှိတဲ့ ကုလသမဂ္ဂရုံးက တဆင့် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ရှိတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို ပေးပို့မှာ ဖြစ်တယ်လို့ သိရပါတယ်။

NLD ရပ်တည်ခွင့်နဲ့ ပတ်သက်လို့ ဥပဒေကြောင်းအရ ပြည်တွင်းမှာ ကြိုးပမ်းမှုတွေ လမ်းဆုံးသွားပြီ ဖြစ်တာကြောင့် အခုလို ကုလသမဂ္ဂကို တင်ပြရတာ ဖြစ်ကြောင်း၊ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းထူထောင်ခွင့် အပါအဝင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းမှာ ဖော်ပြထားတဲ့ အချက်တွေကို အခြေခံ တင်ပြသွားမှာဖြစ်ကြောင်း ဦးဥာဏ်ဝင်းက ပြောပါတယ်။

NLD ပါတီရဲ့ တရားဝင်မှု ပျက်ပြယ်ကြောင်း စစ်အစိုးရ ရွေးကောက်ပွဲကော်မရှင်က မနှစ်က စက်တင်ဘာလ ၁၄ ရက်နေ့မှာ ကြေညာခဲ့တာပါ။ အဲဒီနောက် NLD ပါတီဘက်က တရားစွဲဆိုပြီး အယူခံ အဆင့်ဆင့် လျှောက်ထားခဲ့ပေမယ့် နောက်ဆုံး အထူးအယူခံကို နေပြည်တော် ဗဟိုတရားရုံးချုပ်က ပယ်ချခဲ့တာ ဖြစ်ပါတယ်။


RFA မှ ကူးယူဖော်ပြပါသည်၊